in-crop-production-natural-fertilizers-the-important-role-of-green-and-organic-fertilizers-2
သဘာဝရွက်ဖြန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း
သဘာဝရွက်ဖျန်းမြေသြဇာဆိုသည်မှာ ဒေသတွင်းရရှိနိုင်သော ပဲဖတ်၊ နှမ်းဖတ်၊ အနှစ်ရှိသော သီးနှံကြိတ်ဖတ်၊ ကုက္ကိုလ်သီးကြိတ်ဖတ် စသည်တို့မှ ထုတ်လုပ်ထားရှိသည့် ရွက်ဖြန်းမြေသြဇာ ဖြစ်ပါ သည်။ သဘာဝရွက်ဖျန်းမြေဩဇာ ပြုလုပ်ရာတွင် အချိုဓာတ်ဖြည့်ပေးရန်အတွက် ထန်းလျက် (သို့မဟုတ်) တင်လဲရည်၊ အဆွေးမြန်စေရန်အတွက် ပုလဲဓာတ်မြေဩဇာ၊ အချဉ်ဖောက်ရန်အတွက် ထန်းရည်ခါး (သို့မဟုတ်) အရက်ဦးရေ (သို့မဟုတ်) ဒိန်ချဉ် (သို့မဟုတ်) ရှာလကာရည်၊ အကျိုးပြု အဏုဇီဝများပါဝင်သည့် အီးအမ်တို့ လိုအပ်ပါသည်။
လိုအပ်သောပစ္စည်းများကို စဉ့်အိုး(သို့မဟုတ်)အုတ်ကန်ထဲတွင် ဖိသိပ်၍ထည့်ပြီး ပစ္စည်း(၁)ဆ လျှင် ရေ(၂)ဆနှုန်းဖြင့် ရောပြီး၊ အဖုံးလုံအောင် အုပ်ပေးထားရမည်။ အချိုးကျ ရောစပ်ထားသော အရည်ကို မနက်(၁)ကြိမ်၊ နေ့လယ်(၁)ကြိမ်၊ ညနေ(၁)ကြိမ် မွှေပေးရပါမည်။ (၁၀)ရက်မှ (၁၅)ရက် ကြာသည်အထိ အငွေ့သေအောင် မွှေပေးရပါမည်။ (၂)လကြာလျှင် သဘာဝရွက်ဖျန်းမြေသြဇာအရည် ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အပင်ငယ်စဉ်တွင် သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ် မူတည်၍ မြေဩဇာအရည်(၁)ဆလျှင် ရေအဆ(၁၀၀-၁၅၀)ခန့် ရောစပ်၍ အသုံးပြုရမည်ဖြစ်ပါသည်။ အပင်ကြီးလာပါက သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ်မူတည်၍ မြေဩဇာအရည်(၁)ဆ လျှင် ရေအဆ (၅၀-၁၀၀)ခန့် ရောစပ်၍ အသုံးပြုရမည်ဖြစ်ပါသည်။ (၂)ရက်ခြား တစ်ခါဖြစ်စေ၊ အပင်အခြေအနေပေါ်မူတည်၍ အကြိမ်အရေအတွက်ကို ချိန်ဆ၍ဖြစ်စေ ဖျန်းပေးရန် လိုအပ်ပါမည်။
သဘာဝရွက်ဖျန်းမြေသြဇာကို အသုံးပြုခြင်းဖြင့် သီးနှံများ အစေ့အဆန်ပြည့်ဝစေခြင်း၊ အထွက်နှုန်း ကောင်းစေခြင်း၊ အရည်အသွေး ကောင်းမွန်စေခြင်းနှင့် တစ်ဧကကုန်ကျစရိတ်ကို လျော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ သစ်စိမ်းမြေသြဇာ
စိုက်ပျိုးရေးကဏ္ဍတွင် သစ်စိမ်းမြေသြဇာသည်လည်း အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်ပါ သည်။ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ဘောစကိုင်း၊ ညံ၊ ထိကရုန်း၊ မြေနိမ့်ချယ်ရီ (Gliricidia) နှင့် ပဲလွမ်းစသည့် ပဲမျိုးရင်းဝင်များကို စိုက်ပျိုးအသုံးပြုနိုင်ပါသည်။ ၎င်းတို့မှ အပင်အတွက် လိုအပ် သော နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်ဓာတ်နှင့် အနည်းလိုအာဟာရဓာတ်များကို ရရှိနိုင်မည် ဖြစ်ပါသည်။
သစ်စိမ်းမြေဩဇာ အမျိုးအစားအလိုက် တစ်ဧကလျှင် မျိုးစေ့နှုန်း(၄ – ၆)ပြည် အသုံးပြုရပါ မည်။ သစ်စိမ်းမြေဩဇာအဖြစ် အများဆုံးအသုံးပြုသည့် သီးနှံပင်(၃)မျိုးကို ထယ်ထိုးမြေမြုပ်ပါက အာဟာရဓာတ် ရရှိနိုင်မည့်အခြေအနေကို အောက်ပါဇယားအတိုင်း သိရှိနိုင်ပါသည်။
မြေနိမ့်ချယ်ရီ(Gliricidia)သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက (၃၀- ၃၆)ပေအထိ ကြီးထွားနိုင်ပြီး မြေအမျိုးအစားများစွာ၌ အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင်သာမက ယာမြေများ၊ ခြောက်သွေ့သော အပူပိုင်းဒေသများတွင် လေကာတန်းပင် အဖြစ် အသုံးပြုနိုင်ပါသည်။ မြေနိမ့်ချယ်ရီပင်ကို သီးခြားစိုက်ပျိုးရန် သီးခြားမြေမလိုအပ်ဘဲ ကန် သင်းရိုးတွင် စိုက်ပျိုးနိုင်သည်။ ၎င်းအပြင် ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် အသုံးပြုနိုင်သော အကြမ်းခံပင်ဖြစ်ပါသည်။
သီးနှံစိုက်ရာသီတိုင်းတွင် မြေနိမ့်ချယ်ရီအပင်များမှရရှိလာသည့် သစ်ကိုင်းများကို စိုက်ခင်းထဲသို့ ထည့်သွင်းပေးနိုင်ပါသည်။ အသုံးပြုရာတွင် အပင်များကိုခုတ်ပြီး လယ်မြေတွင်ပျံ့နှံ့ အောင်ဖြန့်ခင်းထားပါ။ (၁၀)ရက်အကြာတွင် အရွက်များကြွေသွားပြီး ကိုင်းခြောက်များကို ကောက် ယူပြီး ထင်းအဖြစ်လည်းကောင်း၊ ခြံစည်းရိုးတိုင်အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ပျံ့နှံ့နေ သော အရွက်များကို
သစ်စိမ်းမြေသြဇာပင်အမျိုးမျိုးတွင်ထယ်ထိုးနစ်မြုပ်သောအပင်သက်တမ်းအမျိုးမျိုးအလိုက်
မြေမှအာဟာရဓာတ်ရရှိမှုအခြေအနေ
| သစ်စိမ်းပင် | ထယ်ထိုးသည့် အပင်ရက်သား | မြေမှရရှိမည့် အာဟာရဓာတ် ပေါင်/ဧက | ||
| နိုက်ထရိုဂျင် | ဖော့စဖရပ်စ် | ပိုတက်ရှ် | ||
| ပိုက်ဆံလျှော် | ၄၅ | ၈၆ | ၁၁ | ၄၈ |
| ပိုက်ဆံလျှော် | ၆၅ | ၆၂ | ၈ | ၁၉ |
| ပဲလွမ်း | ၄၅ | ၇၄ | ၁၁ | ၂၈ |
| ပဲလွမ်း | ၇၅ | ၃၀ | ၇ | ၁၅ |
| မတ်ပဲ | ၄၅ | ၅၆ | ၁၀ | ၂၅ |
| မတ်ပဲ | ၇၅ | ၃၆ | ၅ | ၁၂ |
စက်ဖြင့်ဖြစ်စေ၊ နွားထယ်ဖြင့်ဖြစ်စေ ထယ်ထိုးမြေမြှုပ်ရပါမည်။ မြေနိမ့်ချယ်ရီ သည် နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝခြင်းကြောင့် ၎င်းကို လယ်မြေတစ်ဧကလျှင်(၂)တန်နှုန်း ထည့်ပေး ခြင်းဖြင့် စပါးအထွက် (၂၅- ၃၀)ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။ နှစ်ရှည်ထည့်သွင်းပေးခြင်းဖြင့် မြေဆီသြဇာဓာတ် ထက်သန်လာနိုင်ပါသည်။ တောင်သူများအတွက် စိုက်ပျိုးရလွယ်ကူသည့်အပြင် ကုန်ကျစရိတ်လည်း သက်သာစေပါသည်။
၃။ ဇီဝမြေဩဇာများ
ဇီဝမြေဩဇာဆိုသည်မှာ အပင်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြုနိုင် သည့် အဏုဇီဝသက်ရှိများ ပါဝင်သောမြေဩဇာကို ဆိုလိုပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင် သဘာဝမြေဩဇာသုတေသနများအပြင် ဇီဝမြေသြဇာဖြစ်သည့် ပဲမြစ်ဖုဇီဝမြေသြဇာ၊ ထရိုင် ခိုဒါးမားမှို၊ အီးအမ်ဘိုကာရှီ အစရှိသည်တို့ကို သုတေသနပြု ထုတ်လုပ်လျက်ရှိပါသည်။
ထရိုင်ခိုဒါးမားမှို
ထရိုင်ခိုဒါးမားမှိုသည် သီးနှံစိုက်ခင်းမြေများတွင် သဘာဝအတိုင်းရှိနေသော အကျိုးပြုဇီဝ သက်ရှိမှိုတစ်မျိုးဖြစ်ပါသည်။ အကျိုးသက်ရောက်မှုကောင်းသော ထရိုခိုဒါးမားမှိုမျိုးများသည် သီးနှံ ပင် ကြီးထွားမှုကို အားပေးပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြလုပ်၍ အကျိုးပြု ထရိုခိုဒါးမားမှိုတစ်မျိုးကို ရှာဖွေ ဖော်ထုတ်ခဲ့ပါသည်။ ယခုအခါတွင် အဆိုပါမှိုမျိုးထုတ်များကို ပွားများထုတ်လုပ်၍ တစ်ထုတ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ထရိုင်ခိုဒါးမားမှိုကို မြေဆွေးပြုလုပ်ရာတွင်လည်းကောင်း၊ မျိုးစေ့ဆေးစီရင်ရာတွင်လည်း ကောင်း၊ ပျိုးအိုး၊ ပျိုးထုတ်၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ ရောဂါကျ စိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း အမျိုးမျိုးအသုံးပြုနိုင်ပါသည်။
ထရိုင်ခိုဒါးမားမှိုကို အသုံးပြုပြီး ထရိုင်ခိုဒါးမားမြေဆွေးကို ထုတ်လုပ်နိုင်သည်။ ထရိုင်ခိုဒါးမား မြေဆွေးကို ပြုလုပ်ရာတွင် ထရိုင်ခိုဒါးမား(၁၀)ထုပ်ကို နွားချေး(၂)တင်း၊ ဖွဲနု(၅)ပြည်တို့နှင့် သမ အောင်ရောစပ်၍ အစိုဓာတ်သင့်တင့်ရုံဖြင့် နှံ့စပ်အောင်နယ်ပါ။ ထရိုင်ခိုဒါးမား မြေဆွေးအရောကို ပလပ်စတစ်(သို့မဟုတ်)မိုးကာဖြင့် (၅ – ၇)ရက်အကြာ လုံခြုံအောင်ဖုံးအုပ်ထားပေးခြင်းဖြင့် အသုံး ပြုနိုင်သော ထရိုင်ခိုဒါးမားမြေဆွေးကို ရရှိပါသည်။ အဆိုပါပမာဏသည် စိုက်ခင်းတစ်ဧကစာအတွက် လုံလောက်ပါသည်။ ပွါးများရန် အခြေအနေမပေးပါက တစ်ဧကလျှင် မှိုမျိုး(၆၀)ထုတ်ကို စိုက်ခင်းထဲ သို့ တိုက်ရိုက်ကြဲပက်ပြီး ထွန်မွှေကာအသုံးပြုနိုင်ပါသည်။ ၎င်းကို နောက်ဆုံးထယ်ရေးပြင်ချိန်တွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် နှမ်းရိုးမဲရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ မြက်ဖုံးခြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်ရင်းပုပ်ရောဂါများကို ကာကွယ်နိုင်ပါသည်။
၎င်းအပြင် ထရိုင်ခိုဒါးမားမှိုထုတ်ကို မြေဆောင်၊ မျိုးစေ့ဆောင် မှိုရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် မျိုးစေ့ဆေးစီရင်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုပုံမှာ ပဲ၊ နှမ်း၊ ပြောင်းမျိုးစေ့များအတွက် မစိုက်ပျိုးမီ ရေတွင် မိနစ်(၃၀) မှ (၂)နာရီခန့် စိမ်ပါ။ မျိုးစေ့(၂)ပြည်ကို ထရိုင်ခိုဒါးမားမှို(၁)ထုပ်နှုန်းဖြင့် လူးနယ်၍ မိနစ်(၃၀)ကြာ လေသလပ်ခံပြီးမှ စိုက်ပျိုးပါ။ စပါးမျိုးစေ့ မှိုဆောင်ရောဂါများအတွက် စပါးမျိုးကို တစ်ရက်ရေစိမ်ပါ။ မျိုးစေ့(၁)တင်းအတွက် ထရိုင်ခိုဒါးမား (၇)ထုပ်ကို ရေ(၂)ဂါလံတွင်ဖျော်ပြီး ထိုဖျော်ရည်တွင် မိနစ်(၃၀)စိမ်ပြီးနောက် ပျိုးအုပ်ပါ။ ပျိုးထုတ်၊ ပျိုးအိုး၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုမည်ဆိုပါက ထရိုင်ကိုဒါးမားမှိုမျိုး(၁)ဆ၊ ဖွဲနု(၄)ဆနှင့် မြေ(၁၀)ဆရော၍ အသုံးပြုပါ။
ထရိုင်ခိုဒါးမားမှိုကို အသုံးပြုခြင်းဖြင့် အပင်ကြီးထွားမှုကို အားပေးသည့် ဟော်မုန်းများ ထုတ်ပေးနိုင်ခြင်း၊ အပင်၏အာဟာရများ စုပ်ယူအသုံးပြုမှုကို တိုးစေနိုင်ခြင်း၊ အပင်များအတွက် အနည်းလိုအာဟာရဓာတ်များ (Mn, Fe, Zn, Cu, Rock Phosphate) ကိုလည်း ပျော်ဝင်အောင် ကူညီပေးခြင်း၊ အပင်အတွက် နိုက်ထရိုဂျင် အသုံးပြုမှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ခြင်း၊ အပင် များအား အာဟာရချို့တဲ့ခြင်း၊ ရေငတ်ခြင်း၊ မြေဆောင်၊ မျိုးစေ့ဆောင်ရောဂါများကို ခံနိုင်ရည်ရှိစေ ခြင်းဖြင့် သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း၊ ပျိုးခင်းပျိုးဘောင်များတွင် အသုံးပြုခြင်းဖြင့် ပျိုးပင်ကျန်းမာသန်စွမ်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
ပဲမြစ်ဖုဇီဝမြေဩဇာ (Rhizobium)
ပဲမြစ်ဖု ဇီဝမြေဩဇာဆိုသည်မှာ လေထဲမှ နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယား (Rhizobium)များသည် ပဲမျိုးရင်းဝင်အပင်များ၏ အမြစ်များတွင် ပဲမြစ်ဖုများကို ဖြစ်ပေါ်စေပြီး အပင်ကြီးထွားမှုကို အားပေးသည့် ဇီဝမြေဩဇာဖြစ်သည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပဲမြစ်ဖု ဇီဝမြေသြဇာထုတ်လုပ်ရာတွင် ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုတ်၊ ပဲလွမ်းစသည့် ပဲ(၇)မျိုးအတွက် သီးခြားစီထုတ်လုပ်ထားပြီး တောင်သူများကို ဖြန့်ဝေပေးလျက်ရှိပါသည်။ တစ်ထုပ်လျှင် အလေးချိန် (၁၅၀ ဂရမ်)ပါဝင်ပြီး တစ်ဧကအတွက် ပဲမြစ်ဖုဇီဝမြေဩဇာ (၁-၂)ထုပ်နှုန်း အသုံးပြုနိုင်ပါသည်။ တစ်ထုပ်လျှင် (၅၀၀)ကျပ် နှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။
ပဲမြစ်ဖုဇီဝမြေဩဇာကို အသုံးပြုရာတွင် တစ်ဧကစာအတွက် လိုအပ်သော မျိုးစေ့နှင့် ဇီဝ မြေဩဇာ(၂)ထုတ်ကို လူးနယ်၍ ရေကို အပေါ်မှ စိုစွတ်ရုံဖျန်းပေးပြီး နှံ့စပ်အောင်နယ်ပါ။ မျိုးစေ့ကို လူးနယ်ပြီး ချက်ချင်းစိုက်၍ မြေဖုံးပါ။ လူးနယ်ခြင်းကို အရိပ်အောက်တွင် ဆောင်ရွက်ပါ။
ပဲမြစ်ဖုဇီဝမြေဩဇာကို အသုံးပြုခြင်းသည် ပဲပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်ကို စျေးနှုန်း ချိုသာစွာဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း၊ မြေမှ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ခြင်း၊ ပဲအပြီး သီးထပ်စိုက်ပျိုးထားသော ဒုတိယသီးနှံ၏ အထွက်တိုးရေးကို သွယ်ဝိုက်အကျိုးပြုခြင်း၊ နိုက်ထရိုဂျင် မြေသြဇာအသုံးပြုရန် မလိုတော့သဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အခြားသီးနှံများတွင် ပိုမိုသုံးစွဲနိုင် ခြင်း၊ ပဲမျိုးအလိုက် (၂၇- ၄၈)ရာခိုင်နှုန်းအထိ အထွက်တိုးစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် ပါသည်။
ဒေါက်တာနိုင်ကြည်ဝင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန။