စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၅)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ Farmers’ Forum ကျင်းပခြင်း

3
1
2
4
5
3 1 2 4 5

တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် တပ်ကုန်းမြို့နယ်မှ တောင်သူများ တက်ရောက် ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍထုတ်ကုန် မြင့်မားစေရေးအတွက် သီးထပ်စွမ်းအားများကို မြှင့်ဆောင်ကြရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ဖို့ မြေဆီလွှာကျန်းမာရေးကို အထူးထိန်းသိမ်း စောင့်ရှောက်ကြရမှာဖြစ်ကြောင်း၊ သက်ရှိဂေဟစနစ်တွင် အပင်များ၊ လူသားများနှင့် တိရိစ္ဆာန်များ ရေရှည်တည်တံ့နေစေရန်အတွက် မြေဆီလွှာ၏ စွမ်းဆောင်နိုင်မှုသည် အရေးပါ၍ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် မြေဆီလွှာ၏ အာဟာရဓါတ်အခြေအနေကို သိရှိထားရန်လိုအပ်ကြောင်း၊ မြေဆီလွှာရေရှည် ထိန်းသိမ်းမှုနှင့် သီးနှံစိုက်ပျိုးထုပ်လုပ်ရာတွင် အရေးပါသော မြေဆီလွှာ၏ ရူပ၊ဓါတုဂုဏ်သတ္တိများကို တိုးတက်စေနိုင်သည့် မြေတွင်းဇီဝဂုဏ်သတ္တိများကို အစဉ်အမြဲ ထိန်းသိမ်းကြရမှာဖြစ်ကြောင်း၊ သဘာဝမြေဆွေးကို လုံလုံလောက်လောက် ထည့်သွင်းပေးရန်လိုအပ်ကြောင်း၊ လက်ရှိမြေပြင်အခြေအနေတွင် တောင်သူလယ်သမားအများစု နွားချေး၊ ကြက်ချေးအပါအဝင် သဘာဝမြေဆွေး မြေသြဇာများကို မထည့်နိုင်ကြတော့ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတွေ့ရှိ နေရကြောင်း၊ မြေဆီလွှာများကို ဓါတ်ခွဲစမ်းသပ်မှု သုတေသနမှတ်တမ်းများအရ ဒေသအသီးသီးမှ မြေဆီလွှာအမျိုးမျိုးတွင် အော်ဂဲနစ်မက်တာခေါ် ဇီဝအကြွင်းအကျန်များ များစွာနည်းပါးလျက်ရှိရာ အပင်လိုအပ်သည့် အာဟာရဓါတ်များ ထိန်းသိမ်းနိုင်စွမ်း မရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြေဆီလွှာကျန်းမာရေးကောင်းမှ သီးထပ်စွမ်းအား တိုးမြှင့်နိုင်မည်ဖြစ်၍ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ယခုလို နှီးနှောဖလှယ်ပွဲများမှ တဆင့် အသိပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ တိုးပွားလာစေမှာဖြစ်ပြီး သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများအကြား နည်းပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲ တိုးတက်မှုများ ဖော်ဆောင် ပေးနိုင်ရေးအတွက် လုပ်နည်းလုပ်ဟန် အသွင်ကူးပြောင်းမှု ဆန်ဆန်ဖြင့် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာညီ နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ မြေဆီလွှာသိပ္ပံသုတေသနဌာနမှ သုတေသနမှူး ဒေါက်တာနီနီတင် တို့က မြေဆီလွှာကျန်းမာရေးနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးကို တောင်သူများနှင့် အပြန်အလှန်နှီးနှောတိုင်ပင်ဆွေးနွေးကြသည်။

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် လာမည့်အပတ်တွင်ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့်ရေသွင်းနည်းစနစ်များအကြောင်း ခေါင်းစဉ်ဖြင့်ဆွေး‌‌နွေးသွားမည်ဖြစ်‌ကြောင်းသတင်းရရှိသည်။