(၃၉)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို “မိုးစပါးပန်းတိုင် အထွက်ရရှိရေး နှင့် စပါးမျိုးသစ်များအကြောင်း” ခေါင်းစဉ်ဖြင့် ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကို ဇွန်လ(၂၂) နံနက်ပိုင်းက (၃၉)ကြိမ်မြောက်အဖြစ် ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပညာရှင်ဝန်ထမ်းများ၊ ဥတ္တရသီရိမြို့နယ်မှ တောင်သူ(၃၅)ဦး၊ ပညာရှင်ဝန်ထမ်း(၅၀)ဦး၊ Zoom ဖြင့် တက်ရောက်သူ(၂၀၀)ဦး စုစုပေါင်း (၂၈၅)ဦး တက်ရောက်ကြကာ ” မိုးစပါးပန်းတိုင် အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များ အကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ တောင်သူနည်း ပညာဆွေးနွးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းမှ တောင်သူများ၏ ပြဿနာ၊ အခက်အခဲများကို ကျော်လွှားနိုင်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူတို့ လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီပြီး ဈေးကွက်ဝင် စပါးမျိုးများ စိုက်ပျိုးရေးနှင့် စိုက်ပျိုးနည်းစနစ်ကောင်းများ အသုံးပြုရေးသည် အရေးကြီး ပါကြောင်း၊ မိမိအနေဖြင့် အထူးမှာကြားလိုသည်မှာ ယခုတက်ရောက်သည့် တောင်သူ နည်းပညာဆွေးနွေးပွဲမှ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပန်းတိုင်အထွက်နှုန်း ရရှိစေနိုင်သောမျိုးများအား ပြောင်းလဲစိုက်ပျိုးရန်၊ စပါးစိုက်ပျိုးမည့်မြေကို မြေဆီလွှာ တိုးတက်ကောင်းမွန်အောင်ပြုပြင်ရန်၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်ကို မှန်ကန်စွာ စိုက်ပျိုးကြရန်၊ သဘာဝ(မြေဩဇာ)နှင့် ဓာတ်မြေဩဇာတို့ကို စပါးပင်လိုအပ် သောအချိန်၌ နှုန်းထားမှန်ကန်စွာထည့်သွင်းရန်၊ ပိုး၊ ရောဂါ၊ ပေါင်းတို့ကို အချိန်မှီ ကာကွယ်ရန်နှင့် ဈေးကွက်ဈေးနှုန်းသတင်းများကို စဉ်ဆက်မပြတ်လေ့လာ ကြရန် မှာကြားလိုပါကြောင်း၊ ဤဆွေးနွေးပွဲမှ မိမိတို့သိရှိလာသည်များကိုလည်း ၊ အခြားသူများလည်း ပြန်လည် မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ယဉ်မင်းထွန်း မှ စပါးသီးနှံ အထွက်နှုန်းကွာဟချက် လျှော့ချရေးနှင့် မိုးစပါးပန်းတိုင် ထွက်နှုန်းရရှိရေး နည်းပညာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ သုတေသနလက်ထောက်-၂ ဒေါ်ယဉ်မြတ်မြတ်မင်းမှ “မိုးစပါးပန်းတိုင် အထွက်ရရှိရေးနှင့် စပါးမျိုးသစ်များ” နှင့် စက်လျဉ်း၍ လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှ တောင်သူများကလည်း စပါးပန်းတိုင်အထွက်နှုန်းကို ယခင်နှစ်ကလည်းရရှိခဲ့ကြောင်း၊ ယခုနှစ်လည်းရရှိရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုအတိုင်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဆက်လက်ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လူကိုယ်တိုင် တက်ရောက်သူများသာမက Zoom ဖြင့် တက်ရောက်လျက်ရှိကြသည့် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ တက်ရောက်နေသူများနှင့် စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးပြောင်းလဲရေးနှင့် အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ် ဝိုင်အက်စ်အာ ၁ စိုက်ပျိုးရန် လျာထားချက်များ၊ စိုက်နည်းစနစ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလွင်နှင့် ညွှန်ကြားရေးမှူး ဦးဝင်းဦးတို့မှ စပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုစေရေး ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်သိန်းညွန့်မှ စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကာကွယ်နည်းများအား ဆွေးနွေးပေး ခဲ့ကြပါသည်။