(၃၇)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို”မီဒီယာအားဖြင့် အသိပညာမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကို ဇွန်လ(၈) နံနက်ပိုင်းက (၃၇) ကြိမ် မြောက် အဖြစ်ကျင်းရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင် ကျေးရွာမှ တောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြကာ “မီဒီယာအားဖြင့် အသိပညာမျှဝေခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ရာဇာဟိန်း နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လက်ထောက်သုတေသနအရာရှိ ဒေါ်နှင်းနှင်းလှိုင် တို့က မီဒီယာအားဖြင့် အသိပညာမျှဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က သတင်းစာ၊ စာစောင်၊ တီဗွီ၊ ရေဒီယို၊ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဗာ၊ တယ်လီဂရမ်၊ ယူကျူ့ အစရှိသော လူမှုကွန်ရက်အသီးသီးကိုသုံးစွဲ၍ သတင်းအချက် အလက်များ ရယူကာ မှန်ကန်သော သတင်းများကို ရယူအသုံးပြုရန်လိုကြောင်း၊ တောင်သူကြီးများအနေဖြင့် သတင်းအရင်းအမြစ်ကို သိရှိရန် များစွာအရေးကြီးကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တောင်သူလယ်သမားရုပ်သံကဏ္ဍမှ နည်းပညာပေးဗီဒီယိုများ ရိုက်ကူးလျက် တယ်လီဂရမ် ၊ ဖေ့ဘုတ်တို့မှ တင်ပေးထားသည်ကို သိရှိရန် လိုအပ်ပါကြောင်း၊ တောင်သူဦးကြီးများ မှန်ကန်တိကျသောသတင်းအချက်အလက်များကို လျှင်မြန်စွာရရှိစေရန် အတွက် အရေးကြီး ကြောင်း၊ ကျေးရွာတိုင်းတွင် တောင်သူများမီဒီယာအသိ ပညာ ရရှိစေရန် မိုလ်ဘိုင်းဖုန်း မှန်ကန်စွာသုံးစွဲနည်း သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် တာဝန်ရှိသူများမှ စီစဉ်ပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများ မီဒီယာကို အသုံး ပြု၍ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုး ရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တောင်သူများပူးပေါင်း ပါဝင်သော မီဒီယာအားဖြင့် အတူတကွဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ရိုက်ကူးထားသော နှမ်း၊ မြေပဲ၊ ပဲပုတ် ဘောင်ကြီးတင်နည်းပညာပေး ဗီဒီယိုကိုပြသပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီး နှင့် ပညာရှင်များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။