စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၂၃)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို “စပါးသီးနှံ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သောမျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

5
3
4
1
2
5 3 4 1 2

နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲ ကို (၂၃)ကြိမ်မြောက် အဖြစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ လယ်ဝေးမြို့နယ်မှ တောင်သူ(၃၀)ဦး၊ စိုက်ပျိုးရေး အထူးပြုကုမ္ပဏီများမှတာဝန်ရှိသူများ စုစုပေါင်း (၉၂)ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ တောင်သူနည်းပညာ ဆွေးနွေးပွဲများကို အပတ်စဉ်ကျင်းပခဲ့ရာ (၂၃)ပတ်ရှိပြီဖြစ်၍ ထိရောက်အောင်မြင်မှုကို ပြန်လည် သုံးသပ်၍ အရည်အသွေးပိုမိုမြင့်မားစေရေး မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊

တောင်သူနှင့်သုတေသီပညာရှင်များ ထိတွေ့မှုရှိစေရန်နှင့် ရှိနေဆဲကွက်လပ်များကို ဖြည့်စွမ်း ပေးနိုင်ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများနှင့် လယ်ယာထွက်ကုန်ရောင်းဝယ် ဖောက်ကားသူများ ပူးပေါင်းပါဝင်မှုသည် ပဓါနကျကြောင်း၊

အလားတူ စိုက်ပျိုးရေးဓါတုဆေးဝါးများ အလွန် အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်း သတိရှိရှိ တာဝန် သိစိတ် ဖြင့် ရောင်းချဖြန့်ဖြူးရန် လိုကြောင်း၊ မိမိတို့ လယ်ယာကဏ္ဍ၏အနာဂတ်သည် ကျန်းမာ သည့် ဂေဟစနစ်ပေါ်တွင် မှီခိုနေကြောင်း၊

ဥပမာအားဖြင့် ဝတ်မှုံကူးသည့် ပျား ၊ ပိတုန်း ၊ လိပ်ပြာ ၊ ဖလံနှင့် ဝတ်မှုံကူးခြင်းကို အထောက် အပံ့ပေးသည့် အခြားအင်းဆက်ပိုးများ၊ ငှက်များနှင့် သဘာဝတွင်ရှင်သန်နေကြသည့် မိတ်ဆွေ ပိုးများ၊ မြေတွင်းရှိ တီကောင်နှင့်အခြားပိုးများလည်း ရှင်သန်နေထိုင်ကြရန်အတွက် စိုက်ပျိုးနည်း အလေ့အကျင့်ကောင်းများဖော်ထုတ်ရန် သုတေသနပြုခြင်းနှင့် နည်းပညာပြန့်ပွားရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းကြည်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော်တို့က “စပါးသီးနှံ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တောင်သူများပူးပေါင်းဆောင်ရွက်သော မျိုးစေ့ ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။