(၁၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကျင်းပခြင်း
၂၀၂၃ခုနှစ် နိုဝင်ဘာ(၄)ရက် က(၁၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမတွင် “စက်မှု လယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများ ဆိုင်ရာဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ (၁၃)ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီ ပညာရှင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ နေပြည်တော်ပြည်ထောင်စုနယ်မြေမှ တိုင်းတာဝန်ခံနှင့် ဒုတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီး အရာရှိများနှင့် စိုက်ပျိုးရေး ပညာရှင်များ၊ ဖိတ်ကြားထားသော နေပြည်တော် ကောင်စီ(၈) မြို့နယ်တို့မှ တောင်သူဦးကြီးများနှင့် Zoom ဖြင့် Online မှတက်ရောက်သူ (စုစုပေါင်း ၁၃၃ ဦး) တက်ရောက်ခဲ့ကြပါသည်။
အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် Farmers’ Technical Forum (တောင်သူနည်းပညာဆွေးနွေးပွဲ) ပြုလုပ် ခဲ့သည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခု ကျင်းပ ပြုလုပ်သည့် တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ တက်ရောက်ပေးခဲ့သည့် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်တကွတာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည် တော်ကောင်စီ(၈)မြို့နယ်မှ တောင်သူဦးကြီးများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ယခုကျင်းပပြုလုပ် သည့် Farmers’ Technical Forum (တောင်သူနည်းပညာဆွေးနွေးပွဲ)တွင် စက်မှုလယ်ယာ ဦးစီးဌာနမှ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမှာ ဖြစ်သည့် အတွက် တောင်သူကြီးများအနေဖြင့် စိတ်ပါဝင်စားစွာ မှတ်သား ကြရန် နှင့် သိရှိလိုသည်များအား မေးမြန်းကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြော ကြားခဲ့ပါသည်။
ဆက်လက်၍ လယ်ယာမြေဖော်ထုတ်ရေး ဌာနခွဲ၊ စက်မှုလယ်ယာဦးစီးဌာန မှ ဦးဇော်ဇော်(ဒုတိယညွှန်ကြားရေးမှူး)က စက်မှုလယ်ယာ စနစ်ကျ လယ်ယာ မြေဖော်ထုတ်ရေး လုပ်ငန်းများ နှင့်ဆက်စပ်၍ စက်မှုလယ်ယာ စနစ်ကျ လယ်မြေများ ဖော်ထုတ် ရခြင်း၏ ရည်ရွယ် ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စက်မှုလယ်ယာ စနစ်ကျလယ်ကွက်များ ဖော်ထုတ် ရခြင်း ကြောင့်ရရှိလာမည့် အကျိုး ကျေးဇူးများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနေရာရွေးချယ်ရေးအခြေခံမူများ နှင့် ဆက်စပ်၍ လည်းကောင်း၊စီမံကိန်းအကောင်အထည်ဖော်ခြင်းအဆင့်များအားလည်းကောင်း၊ အာရှနိုင်ငံ များ၏ စက်မှုလယ်ယာစနစ်ကျ လယ်ကွက်များ ၊မြန်မာနိုင်ငံတွင်ဖော်ထုတ်လျက်ရှိသော စက်မှု လယ်ယာ စနစ်ကျလယ်ကွက် ပုံစံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စက်မှုလယ် ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့်စပ်လျဉ်း၍လည်းကောင်းတင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးမှ တောင်သူများ အား ယခုလို တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ အပင်ပန်းခံ၍ တက်ရောက် ပေးခြင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လယ်ယာမြေမှသည် အဆင့်မြင့် စနစ်ကျ လယ်ယာမြေစနစ်ကို ဖော်ထုတ်မည်ဆိုပါက တောင်သူများ သဘောတူညီမှုရှိမှသာ ပြုလုပ်၍ ရပါကြောင်း၊ ရေသွင်း/ ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ ပြုလုပ်ရသည့် အတွက် အနည်းနှင့် အများ မြေဆုံးရှုံးမှု ရှိသည့်အတွက် တောင်သူအားလုံး၏ သဘောတူညီချက် လိုအပ်ကြောင်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးဆုံးသွားလျှင်လည်း ထိန်းသိမ်း ရန်လိုအပ်ကြောင်း၊ မထိန်းသိမ်းပါက ရေသွင်း/ရေထုတ်မြောင်းများ၊ ကုန်ထုတ် လမ်းများသည် နဂိုမူလအနေအထားအတိုင်း ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တို့ကို ပြောကြား ခဲ့ပါသည်။