အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဆိုင်ရာဆွေးနွေးပွဲခေါင်းစဉ်ဖြင့် တောင်သူ နည်းပညာဆွေးနွေးပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း)ရှိ စုဝေးဆောင်ခန်းမ၌ အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် (၁၀)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဆိုင်ရာဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် အောက်တိုဘာ(၇)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် တို့မှ ဒေသခံတောင်သူလယ်သမားများ စုစုပေါင်း (၁၃၁)ဦးတက်ရောက် ခဲ့ကြပါသည်။
အဆိုပါ တောင်သူနည်းပညာဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးမှ မိမိတို့နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ အခန်းကဏ္ဍအရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ သည် အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စားရေရိက္ခာပေါများ သည့် နိုင်ငံတွင်ပါဝင်ကြောင်း၊ သို့သော် အာဟာရချို့တဲ့မှု ရှိတာကိုတော့တွေ့ရှိရပါကြောင်း၊ အာဟာရဖြစ်အောင် စားသောက်မှုပုံစံ မျှခြေရောက်အောင် စားသောက်ရန်ကိုဂရုစိုက်ရမည် ဖြစ်ပါကြောင်း၊ အဟာရပြည့်ဝစေရန် အဆီလျော့စားရမည်ဖြစ်သလို စိမ်းစိုသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများစားသောက်ရန်လိုအပ်ပါကြောင်း၊ အာဟာရချို့တဲ့မှု၏ အကျိုးဆက် များအနေဖြင့်လေ့လာနိုင်အားကျဆင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုအားနည်းလာခြင်း၊ ရောဂါခုခံနိုင်စွမ်းအားကျဆင်းခြင်း၊ ပညာရေးကျဆင်းလာခြင်း၊ ထုတ်လုပ်နိုင်စွမ်း၊ ဝင်ငွေ ကျဆင်းလာခြင်း၊ အမျိုးသားရေးအဆင့်အတန်းများ ကျဆင်းလာခြင်းများဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့်အိမ်တစ်အိမ်ချင်းဆီ၏ အစားအစာအာဟာရပြည့်ဝလုံခြုံရေးမှသည် နိုင်ငံ၏ အစား အစာအာဟာရပြည့်ဝလုံခြုံရေးမှ သွားရမည်ဖြစ်သောကြောင့် အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းအား အားလုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အိမ်ခြံဝန်း အတွင်း ဒန့်သလွန်ပင်၊ ကြောင်လျှာပင်၊ ပေါက်ပန်း ဖြူပင်မှစ၍ ဝါးပင်ပါမကျန် အိမ်အတွက် လိုအပ်သည်များ စိုက်ပျိုးထားရန်လိုအပ်ပါကြောင်း၊ အိမ်ခြံစည်းတန်း တွင် မကျီးပင်တန်းများအား အညွန့်ခူးယူရန် စနစ်တကျ စိုက်ပျိုးခြင်းသည်လည်း အလားအလာ ကောင်းသည့် ဝင်ငွေရနိုင်သော နည်းလမ်းဖြစ်သောကြောင့် ကျေးရွာအလိုက် စီမံချက် ထားဆောင်ရွက်စေလိုပါကြောင်း၊ လယ်ကန်သင်းဘောင်ပေါ် ပဲကြီးကဲ့သို့ပဲများ စိုက်ပျိုးခြင်းဖြင့်လည်း အပိုဝင်ငွေရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ကန်သင်းသီးနှံ စိုက်ပျိုးရေးကိုထည့်သွင်းစည်းစားရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာရှင်များအားမှာကြား လိုသည်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျေးလက်ဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးခြင်းမရှိပဲ စားသုံးလျှက်ရှိသည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ နှင့် ၎င်းတို့၏ ဆေးဘက်ဝင်ပုံများအပေါ် ဒေသခံများ၏ဌာနေရိုးရာအသိပညာ(Indigenous knowledge) များအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူမှတ်တမ်းပြုစုခြင်းများဆောင်ရွက်စေလိုပါကြောင်း၊ အိမ်ခြံဝင်းဉယျာဉ်စိုက်ပျိုးခြင်းဆိုသည်မှာတောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက် သည့် မျိုးဗီဇကွဲများထိမ်းသိမ်း၊ စောင့်ရှောက်ထားခြင်းဖြစ်ပါကြောင်း၊ အိမ်ခြံဉယျာဉ်စိုက် ပျိုးခြင်းသည် organic farming အစဖြစ်ခြင်းကြောင့် အိမ်ခြံဉယျာဉ် စိုက်ပျိုးခြင်းမှ သည်အောင်မြင်သည့် organic စိုက်ပျိုးရေးဆီ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ “ အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း” ခေါင်းစဉ်အပေါ် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန မှ ဒေါက်တာဝင်းနိုင် (ညွှန်ကြားရေးမှူး) မှလည်းကောင်း၊စိုက်ပျိုးရေးဦးစီးဌာနမှဦးညီညီအောင်(လက်ထောက်ညွှန်ကြားရေးမှူး)ကလည်းကောင်းဦးဆောင်ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်ဆွတ် ဆွေးနွေးပေးခဲ့ပြီး တောင်သူများအတွက် ဗဟုသုတဖြစ်ဖွယ်များ မျှဝေပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။