အသက်ရက်တိုသည့် ဆင်းသုခ Double Haploid စပါးမျိုးလိုင်းများအား မိတ်ဆက်သည့်ကွင်းသရုပ်ပြပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစုသည် အပင်တစ်သျှူးမွေးမြူရေးသုတေသနများနှင့် မော်လီကျူလာနည်းပညာဆိုင်ရာသုတေသနများကိုအဓိကထားဆောင်ရွက်လျှက်ရှိပြီး ဓါတ်ခွဲခန်း သုတေသနများမှ ရရှိလာသော သုတေသနရလာဒ်များကို ကွင်းအဆင့်တွင်လည်း ဆက်လက်၍ တောင်သူများအတွက် မျိုးကောင်းမျိုးသစ်များရရှိနိုင်သည်အထိ သုတေသနပြုဆောင်ရွက် လျှက်ရှိပါသည်။ ထိုသုတေသနများအနက်မှ အသက်ရက်တိုသည့် ဆင်းသုခ Double Haploid စပါးမျိုးလိုင်းရရှိရန် ဆောင်ရွက်ခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ဇီဝနည်းပညာသုတေသန ဌာနစုကွင်းရှိ အကွက်အမှတ် – A6 တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၇: ၃၀) အချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါကွင်းပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ယခုအခါတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးခေါင်ရေရှားပါးမှုဒဏ်၊ ရောဂါကျရောက်မှု ဒဏ်များ ကြုံတွေ့နေရသဖြင့် ဆင်းသုခစပါးမျိုးနေရာတွင် သက်တမ်းတိုဆင်းသုခစပါးကို မိုးရာသီ တွင် စိုက်ပျိုးနိုင်ခြင်းဖြင့် တစ်ခြားဝင်ငွေရသီးနှံများကို မိုးနှောင်းသီးနှံအဖြစ် သီးထပ်စိုက်ပျိုးလာနိုင် ပါသည်။ ထို့ကြောင့် ယင်းသုတေသနကို ဇီဝနည်းပညာရပ်များဖြစ်သော စပါးအဖိုဝတ်မှုန်အိတ်မွေးမြူနည်းပညာ (Rice Anther Culture) နှင့် Marker Assisted Selection နည်းပညာတို့ကိုအသုံးပြု၍ စားသုံးမှုကောင်းမွန်ပြီး စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ်ခံ သက်တမ်းတို ဆင်းသုခစပါးမျိုး ရရှိရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ သည်။
သုတေသနဆောင်ရွက်ချက်များအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အပင်တစ်သျှူးဓာတ်ခွဲခန်း၌ စပါးအဖိုဝတ်မှုန်အိတ်မွေးမြူခြင်း (Rice Anther Culture) ပြုလုပ်ခဲ့ပြီး ရရှိလာသော Callus များနှင့် Green spot များကို အစာလွှာအမျိုးမျိုးကိုအသုံးပြု၍ မျိုးလိုင်းများရရှိသည်အထိ အဆင့်ဆင့်မွေးမြူခဲ့ပါသည်။ ရရှိလာသော ဆင်းသုခ Anther Culture မျိုးလိုင်းများအား ဇီဝနည်းပညာသုတေသနဌာနစု၏ မော်လီကျူလာ ဓာတ်ခွဲခန်းတွင် Marker Assisted Selection နည်း ပညာကိုအသုံးပြု၍ မျိုးလိုင်းများ၌ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ဒဏ်ခံဗီဇပါဝင်မှုအား အတည်ပြု ရွေးချယ်ခဲ့ပါသည်။ တချိန်တည်းမှာပင် အပင်ရောဂါသုတေသန ဌာနစုနှင့်ပူးပေါင်း၍ ဆင်းသုခ Anther Culture လိုင်းများ၏ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ဒဏ်ခံနိုင်ရည်ရှိမှုကို ရောဂါထိုးသွင်းစမ်းသပ်မှုများလည်း ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၈-၂၀၁၉ ခုနှစ်မှစ၍ ဆင်းသုခ Anther Culture လိုင်းများအား ဆင်းသုခမျိုးလိုင်းနှင့် နှိုင်းယှဉ်စိုက်ပျိုး၍ အဆင့်ဆင့်မျိုးရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ၂၀၂၂ ခုနှစ် မိုးရာသီတွင် ဆင်းသုခမျိုးထက် အသက်ရက် (၁၉-၂၂)ရက် ငယ်ပြီး အထွက်နှင့်အထွက်မိတ်ဖက် လက္ခဏာများ သာလွန် ကောင်းမွန်သော မျိုးလိုင်း(၄)လိုင်းကို တောင်သူအဆင့် အထွက်ယှဉ်ပြိုင် စမ်းသပ်ခြင်းအဖြစ်ဆောင်ရွက်ခဲ့ပြီး ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသားဆက်လိုင်း (၄)လိုင်းမှာ ဆင်းသုခစပါးမျိုးထက် အသက်ရက်သိသိသာသာငယ်ပြီး စပါးဘက်တီးရီးယား ရွက်ခြောက် ရောဂါဒဏ်ကို လည်းခံနိုင်ရည်ရှိသည်ကို တွေ့ရှိရပါသည်။
ရွေးချယ်ရရှိလာမည့် ဆင်းသုခACမျိုးလိုင်းများ၏ စားသုံးမှုအရည်အသွေးကို ထပ်မံစစ်ဆေးခြင်း၊ သရုပ်ပြစမ်းသပ်ကွက် On Farm Trial စိုက်ပျိုးခြင်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး တောင်သူအတွက်အကျိုးရှိသော သက်တမ်းတိုဆင်းသုခစပါး မျိုးသစ်အဖြစ် ထုတ်လုပ်ကာ မျိုးစေ့နည်းပညာကော်မတီသို့ မျိုးသစ်အဖြစ် တင်ပြ လျှောက်ထားခြင်းကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။