အလားအလာကောင်းသော မြေပဲမျိုးများ၏ဗီဇနှင့် ပတ်ဝန်းကျင် တို့၏ အပြန်အလှန် အကျိုးသက် ရောက် မှုနှင့် အထွက်နှုန်း တည်ငြိမ်မှုကိုလေ့လာခြင်း
၂၀၂၂ ခုနှစ် စက်တင်ဘာ(၅) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေ သန စာတမ်းအား အသိ ပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “အလားအလာကောင်း သော မြေပဲမျိုးများ၏ဗီဇနှင့် ပတ်ဝန်းကျင် တို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုနှင့် အထွက်နှုန်း တည်ငြိမ်မှု ကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်း ရှင် ဒေါ်စိမ်းလဲ့မွန် မှဖတ်ကြားခဲ့ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်းနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါ သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မှ မြန်မာနိုင်ငံ၏ မြေပဲစိုက်ပျိုးသော ဧရိယာသည် တိုးနေသော်လည်း အထွက်ကောင်းသော မြေပဲမျိုး များနှင့် အထွက်တည်ငြိမ်သောမြေပဲမျိုးများ နည်းခြင်း၊ အသုံးမပြုခြင်း တို့ကြောင့် မြေပဲအထွက်နှုန်းမှာ ကျဆင်း နေပါကြောင်း၊ ထို့ကြောင့် ဤသုတေသနကို ဗီဇ၊ ပတ်ဝန်းကျင်၊ ဗီဇနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် ဆက်သွယ်မှုများသည် မြေပဲမျိုးများ၏ အထွက်နှုန်း အပေါ် လွမ်းမိုးနေမှု ရှိ/မရှိ နှင့် အထွက်နှုန်း ကောင်း၍ အထွက်တည်ငြိမ်မှုရှိသော မြေပဲမျိုးများကို ရွေးချယ်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါသုတေသနတွင် မြေပဲမျိုး စုစုပေါင်း (၁၈)မျိုးကို ကျပန်း အကွက်ချစနစ်ဖြင့် ထပ်ပြုကြိမ် (၃)ကြိမ် ပြုလုပ်ကာ မကွေး(မိုး)၊ မြင်းခြံ(မိုး)၊ ညောင်ဦး(မိုး)၊ မတ္တရာ(မိုးနှောင်း)၊ တပ်ကုန်း(မိုး)၊ ရေဆင်း(မိုး) နှင့် ရေဆင်း (မိုးနှောင်း) စသည်ဖြင့် ပတ်ဝန်းကျင် (၇) ခုတွင် စမ်းသပ်ခဲ့ပါသည်။
သုတေသနတွေ့ရှိချက်များအနေဖြင့်စာတမ်းရှင်သုတေသနပြုဆောင်ရွက်ခဲ့သည့် စမ်းသပ် ချက်တွင် ဗီဇ နှင့် ပတ်ဝန်းကျင်အပြန် အလှန် အကျိုးသက်ရောက် မှုရှိကြောင်း ထင်ရှားစွာ တွေ့ရှိ ခဲ့ရပါကြောင်း၊ ပတ်ဝန်းကျင်၏ အကျိုး သက်ရောက် မှုမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ကွဲလွဲချက်များ၏ ၄၈.၅%၊ ဗီဇနှင့်ပတ်ဝန်းကျင် အပြန်အလှန် အကျိုး သက်ရောက်မှုမှာ ၂၄.၇% နှင့် ဗီဇ၏ အကျိုး သက်ရောက်မှုသည် ၁၁.၄% ရှိကြောင်း တွေ့ရှိရ ပါသည်။
ထို့ပြင် စာတမ်းရှင်၏လေ့လာတွေ့ရှိချက်များအရ YZG-13014၊ YZG-14049 နှင့် Sinpadetha-11 မြေပဲမျိုးများသည် အထွက်နှုန်းမြင့်မားပြီး အထွက်တည်ငြိမ်သော မျိုးများ ဖြစ်ကြပါကြောင်း၊ မကွေး (မိုး)၊ မတ္တရာ (မိုးနှောင်း) နှင့် ရေဆင်း (မိုး) ဒေသများသည် မြေပဲသီးနှံ စိုက်ပျိုးရန် သင့်တော်သော ဒေသများဖြစ်ကြပါကြောင်းတွေ့ရှိခဲ့ကာ မည်သည့် ဒေသတွင် မည်သည့်မျိုးများသည် စမ်းသပ်စိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်ကြောင်း ရှာဖွေရာဖော်ထုတ်ရာတွင် YZG-13017 မြေပဲမျိုးသည် မကွေး ဒေသနှင့် သင့်တော်ပြီး YZG-13014 မြေပဲမျိုးသည် မြင်းခြံ၊ ညောင်ဦး၊ တပ်ကုန်း နှင့် ရေဆင်း ဒေသများအတွက် သင့်တော်၍ မကွေး-၁၆ မြေပဲမျိုးသည် မတ္တရာဒေသတွင် စိုက်ပျိုးဖြစ်ထွန်း နိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။
အထွက်နှုန်းတည်ငြိမ်မှုကို အကဲဖြတ်ရာတွင် YZG-13014၊ Magway-16 နှင့် Sinpadetha-11 မြေပဲမျိုးများ သည် စမ်းသပ်သည့်ပတ်ဝန်းကျင်များ၌ အထွက်နှုန်း မြင့်မားပြီး အထွက်တည်ငြိမ်မှု ရှိေသာမျိုးများ ဖြစ်ကြပါ ကြောင်းနှင့် YZG-13014 (G2) မြေပဲမျိုးသည် အထွက်နှုန်း မြင့်မားပြီး အထွက်တည်ငြိမ်သော အလားအလာ ကောင်းသည့် မြေပဲမျိုးဖြစ်ကြပါကြောင်းကို စာတမ်းရှင်မှ အသိပေးမျှဝေခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက် များအပေါ် သိလို သည်များအား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန