စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးသစ် (YSR-1)

2
3
၁
4
2 3 ၁ 4

Super Rice မျိုးလိုင်းများကို ရှိရန် ဆောင်ရွက်ပုံအဆင့်ဆင့်

Super Rice မျိုးလိုင်းများကို ရရှိရန်အတွက် အတွဲတစ်တွဲလျှင် ဗီဇလက္ခဏာ ကောင်းများ ပါဝင်သည့် မိဘမျိုးလိုင်း (၆) မျိုးအား (Single Cross, Double Cross) များကို အသုံးပြု၍ မျိုးကူးစပ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အသုံးပြုခဲ့သည့် မိဘမျိုးလိုင်းများ၏ ထူးခြားသည့် အရည်အချင်းလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မိဘမျိုးများ၏အရည်အချင်းလက္ခဏာများ

စဉ် မိဘမျိုးအမည် အရည်အချင်းလက္ခဏာ

၁ SAT 15R အထွက်ကောင်း

၂ IRRI 154 အထွက်ကောင်း

၃ MR 219 အထွက်ကောင်း၊

ဆန်အလျားရှည်. သွယ်

၄ ဆင်းဧကရီ ၃ အထွက်ကောင်း၊

အရည်အသွေးကောင်း

၅ IR 10L 139 အထွက်ကောင်း

၆ ရွှေသွယ်ရင် အသက်လျင်

မျိုးကူးစပ်ရွေးချယ်ခြင်းအဆင့်ဆင့် ဆောင်ရွက်ခြင်း

မျိုးကူးစပ်ခြင်း မဆောင်ရွက်မီတွင် မိဘမျိုးလိုင်း (၅၀) အား စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မျိုးကူးစပ်ခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ မိုးရာသီတွင် အတွဲတစ်တွဲလျှင် မိဘမျိုး (၈)မျိုး ပါဝင်သော (Single Cross) ၄ တွဲ စီကို မျိုးကူးစပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ (နွေရာသီ) တွင် ရရှိလာသော ပထမသားဆက် (၄) တွဲ အား အချင်းချင်း မျိုးကူးစပ်ခြင်း ထပ်မံဆောင်ရွက်ခဲ့ပါသည်။

(မိုးရာသီ) တွင် ရရှိလာသော ပထမသားဆက် (၂) တွဲအား Double Cross ဖြင့် မျိုးကူးစပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ (နွေရာသီ)မှ ၂၀၁၉ (နွေရာသီ) အထိ သားဆက်လိုင်းများအား သတ်မှတ်လက္ခဏာများပါဝင်သော ဗီဇငြိမ်လိုင်းများ ရရှိသည်အထိ အဆင့်ဆင့် မျိုးမွေးမြူရွေးချင်း များဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ (မိုးရာသီ)တွင် ဗီဇငြိမ်လိုင်းများ မွေးမြူရွေးချယ်ခြင်း၊ ၂၀၂၀ (နွေရာသီ)တွင် ပဏာမအထွက်ယှဉ် ပြိုင်ခြင်း၊ ၂၀၂၀ (မိုးရာသီ)တွင် ဒုတိယအထွက်ယှဉ်ပြိုင်ခြင်းအား ရေဆင်းတွင်လည်းကောင်း၊ ၂၀၂၁ (နွေရာသီ)တွင် တတိယအဆင့်အထွက်ယှဉ်ပြိုင်ခြင်းအား ကျောက်တံတားနှင့် လွိုင်ကော်တွင်လည်း ကောင်း မျိုးအထွက်ယှဉ်ပြိုင်ခြင်းများ စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ သားဆက်လိုင်းများ၏ အရည်အသွေး လက္ခဏာများအား စပါးသီးနှံသုတေသနဗဟိုဌာနရှိ စပါးအရည်အသွေးစစ်ဆေးသည့် ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့ပါသည်။

တွေ့ရှိချက်များ

၂၀၂၀ (နွေရာသီ)တွင် စပါးသီးနှံသုတေသနဗဟိုဌာန၊ ရေဆင်း၌ ဗီဇငြိမ်လိုင်း ၄၀ လိုင်းနှင့် စံထားမျိုး (ဧကရီမွှေး) တို့အား (၄၁ x ၂ RCBD) ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ စံထားမျိုး (ဧကရီမွှေး) သည် အထွက်နှုန်း (၁၅၀.၀ တင်း/ဧက) ထွက်ရှိခဲ့ပြီး အလားအလာကောင်းသော မျိုးလိုင်းများသည် (၁၄၇.၈ – ၁၈၆.၉ တင်း/ဧက) အထိ ထွက်ရှိခဲ့ပါသည်။ ၂၀၂၀ (မိုးရာသီ) တွင် ဒုတိယအဆင့်အထွက်ယှဉ်ပြိုင်ခြင်း အား မျိုးလိုင်း ၂၀ အား စံထားမျိုး (ရွှေပြည်ဌေး) မျိုးနှင့် (၂၁ x ၃ RCBD) ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ စံထားမျိုးသည် (၉၅.၀ တင်း/ဧက) ထွက်ရှိခဲ့ပြီး သားဆက်လိုင်းများသည် (၁၀၂.၀၀ မှ ၁၄၃.၃၉ တင်း/ဧက) ထွက်ရှိခဲ့ပါသည်။ ၂၀၂၁ (နွေရာသီ) တွင် တတိယအဆင့်အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်အား သားဆက်လိုင်း ၁၁ လိုင်းအား စံထားမျိုး (ရွှေပြည်ဌေး) မျိုးနှင့် (၁၂ x ၃ RCBD) ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ စံထားမျိုးသည် (၁၀၇.၆ တင်း/ဧက) ထွက်ရှိခဲ့ပြီး သားဆက်လိုင်းများသည် (၁၃၉.၀ တင်း/ဧက) ခန့် ထွက်ရှိခဲ့ပါသည်။ အဆိုပါ အလားအလာကောင်းသော မျိုးလိုင်းများမှ Yn3454-1-2-1-UL39 မျိုးသည် ပဏာမအဆင့် အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ချက်တွင် စံထားမျိုးထက် (၁၅.၉%)၊ ဒုတိယအဆင့် အထွက်ယှဉ်ပြိုင် ခြင်း စမ်းသပ်ချက်တွင် စံထားမျိုးထက် (၂၂.၆%) နှင့် တတိယအဆင့်အထွက်ယှဉ် ပြိုင်ခြင်း စမ်းသပ် ချက်တွင် စံထားမျိုးထက် (၂၉.၅၅%) အသီးသီး အထွက်သာလွန်ခဲ့ပါသည်။ ယင်း မျိုးလိုင်းသည် အသက်ရက် (၁၂၀)၊ အမိုင်းလို့စ်ပါဝင်မှု (၂၁.၀၂%) ပါဝင်ပြီး ဆန်စေ့အလျား (၆.၂၃ မီလီမီတာခန့်) ရှိပြီး ဆန်သားကြည်လင်သော မျိုးလိုင်းဖြစ်ပါသည်။

မျိုးလိုင်းများ၏ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှုနှင့် မြေသြဇာတုန့်ပြန်မှုတို့အား အပင်ရောဂါ သုတေသနဌာနစု၊ ပိုးမွှားသုတေသနဌာနစု၊ မြေဆီလွှာသိပ္ပံ သုတေသနဌာနစုတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ Yn3454-1-2-1-UL39 မျိုးလိုင်းသည် ဖြုတ်ညိုပိုးနှင့် ဂုတ်ကျိုးရောဂါတို့ကို အသင့်အတင့်ခံနိုင်ရည် ရှိခဲ့ပါသည်။ မြေသြဇာ စမ်းသပ်ချက်တွင် အဆိုပါ စပါးမျိုးလိုင်းသည် (100%NPK) စမ်းသပ်ချက် တွင် ၁၆၉ တင်း/ဧက၊ (75%N+PK) စမ်းသပ်ချက်တွင် ၁၄၅.၈ တင်း/ဧက၊ (-N+P+K) စမ်းသပ် ချက်တွင် ၉၆.၉ တင်း/ဧက၊ (N-P+K) စမ်းသပ်ချက်တွင် ၁၄၀.၁ တင်း/ဧက၊ (-N-P+K) စမ်းသပ်ချက်တွင် ၁၁၇.၄တင်း/ဧက၊ (-N-P-K) စမ်းသပ်ချက်တွင် ၈၇.၅ တင်း/ဧက အသီးသီး ထွက်ရှိခဲ့ပါသည်။

အဆိုပါ အထွက်ကောင်းပြီး အရည်အသွေးကောင်းသည့် စပါးမျိုးလိုင်းသစ် Yn3454-1-2-1-UL39 မျိုးလိုင်းသည် သက်တမ်း (၁၂၀) ရက်ခန့်ရှိခြင်း၊ အထွက်နှုန်း (၁၄၀-၁၇၀ တင်း/ဧက) အထိ ထွက်ရှိနိုင်ခြင်း၊ ဆန်စေ့အလျား (၆.၀၀ မီလီမီတာ ခန့်)ရှိ၍ ဆန်သားကြည်ခြင်း၊ ရောဂါ၊ ပိုးမွှားဒဏ် အသင့်အတင့်ခံနိုင်ခြင်း၊ မြေသြဇာတုန့်ပြန်မှု ကောင်းခြင်း စသည်တို့ကြောင့် အလားအလာကောင်း သောမျိုးလိုင်းဖြစ်ပါသည်။ ယင်းမျိုးလိုင်းအား မျိုးစေ့ကော်မတီမှ မျိုးစေ့မှတ်ပုံတင် ရရှိရန်အတွက် ဆောင်ရွက်ခဲ့ရာ (၂၆) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီတွင် မျိုးသစ် အသိအမှတ်ပြု လက်မှတ်အား ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ မျိုးသစ် YSR-1 အား ၂၀၂၄ နွေရာသီ တွင် စိုက်ဧက ၁၀၆.၀၁ ဧက စိုက်ပျိုးထားရာ ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းရွာရှိ တောင်သူ ဦးထွန်းဇော် (ကွင်းအမှတ်-၁၁၀၄)၏ (၄.၇၅) စိုက်ဧကအား (၁.၅.၂၀၂၄) ရက်နေ့တွင် ရိတ်သိမ်းခဲ့ရာ စံကွက် အထွက် (၁၈၇.၀၀) တင်း/ဧက ထွက်ရှိခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တဆင့် သိရှိခဲ့ရပါသည်။