လူငယ်စိုက်ပျိုးရေးသုတေသီများ၏ အသိပညာနှီးနှောဖလှယ်ပွဲကျင်းပ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)ရှိ နဝရတ် အစည်းအဝေးခန်းမတွင် လူငယ်စိုက်ပျိုးရေးသုတေသီအသင်းဝင်များ၏ အသိပညာဗဟုသုတ နှီးနှော ဖလှယ်ခြင်း အခမ်းအနားကို မေလ(၃၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ) နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်(သီးနှံ) ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံ များနှင့် (YARSA)အသင်းဝင် စိုက်ပျိုးရေး သုတေသီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါနှီးနှောဖလှယ်ပွဲအား လူငယ်စိုက်ပျိုးရေးသုတေသီအသင်းဝင်များအချင်းချင်း အသိပညာဗဟုသုတ များ နှီးနှော ဖလှယ်နိုင်စေရန်နှင့် လူငယ်စိုက်ပျိုးရေး သုတေ သီများ၏ ဆန်းသစ်သည့် အတွေးအခေါ်များ အား မြေတောင်မြှောက် ပေးရန် ရည်ရွယ်၍ အဖွဲ့လိုက် ၏စီမံကိန်း အဆိုပြုချက် များအား တင်ပြစေခြင်းဖြစ်ပါသည်။
ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်အမှာ စကားပြောကြားရာ၌ လူငယ်သုတေသီများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ အနာဂါတ် ကြယ်ပွင့်များ ဖြစ်သည့်အတွက် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရန် ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မိမိရရှိသောအခွင့်အရေးကို မိမိရရ အသုံးချရန် နှင့် အသင်းဝင်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်ရန်အတွက် မိမိကိုယ်တိုင် အသိပညာဗဟုသုတများဖြည့်ဆည်းနိုင်ရန် စာများများဖတ်ရန်လိုအပ်ပါကြောင်း၊ လက်တွေ့နယ်ပယ် လုပ်ငန်းအတွေ့ အကြုံများမှလည်း လေ့လာသင်ယူနိုင်ပြီး ဗဟုသုတများ စွာရရှိနိုင်ကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက် ရာတွင် အဖွဲ့လိုက်စုပေါင်းကာ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အသိပညာ ဗဟုသုတများ ကိုစုဆောင်းရှာဖွေပြီး ရရှိလာသည့် အသိပညာဗဟုသုတများကို တုပကာ မိမိတို့၏ ဖန်တီးနိုင်မှု စွမ်းအားနှင့် ပူးပေါင်းပြီး မူလ ဆောင်ရွက် ထားသည့် အရာများ ထက် သာလွန်ကောင်းမွန်အောင် ဖန်တီး ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယခုပွဲသည် အသိပညာဗဟုသုတများ နှီနှောဖလှယ်သည့် ပထမဆုံးခြေလှမ်း ဖြစ်သည့်အတွက် မိမိတတ်ထားသည့် ပညာများဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ အနာဂါတ်တွင် သုတေသနတွေ့ရှိချက်အသစ်များဆီသို့ အရောက် လှမ်းနိုင်သည့် ဝန်ထမ်းများဖြစ်ရန် ကြိုးစားကြရန်တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူငယ်သုတေသီများအနေဖြင့် အဖွဲ့(၆)ဖွဲ့မှ စီမံကိန်းအဆိုပြုလွှာ(၆) စောင်အား တင်သွင်းဖတ်ကြားခဲ့ကြရာ ပထမအဖွဲ့မှ “Hydrophonic” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယအဖွဲ့ အနေဖြင့် “Innovation in Agriculture and SMART Greenhouse” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယအဖွဲ့အနေဖြင့်“Digital Agricultural Mobile Application” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုထ္ထအဖွဲ့အနေဖြင့် “Innovation for Biofortified Rice” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဥ္စမ အဖွဲ့အနေဖြင့် “Review on Agricultural Technology Innovation” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆဌမအဖွဲ့အနေဖြင့် “Digital Transformation on Data Collection” ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြား တင်သွင်းခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူ:ချုပ်နှင့်တကွ ဒုတိယညွှန်ကြားရေး မှူ:ချုပ်များ၊ ညွှန်ကြားရေးမှူးများမှ လူငယ်သုတေသီအဖွဲ့ဝင်များ တင်ပြလာသည့် စီမံကိန်း အဆိုပြုလွှာများအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သည်များအား ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန