လူငယ်စိုက်ပျိုးရေးသုတေသီအသင်း၏ အမှုဆောင်ကော်မတီဝင်များလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်း (Young Agriculture Research Scientists Association- YARSA) ၏ ပဉ္စမအကြိမ် အမှုဆောင် ကော်မတီဝင်များရွေးချယ် ပွဲနှင့် မျိုးဆက်သစ်လူငယ်များထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင် တည်ထောင်ခဲ့ပြီး လူငယ်များ၏ လွတ်လပ်စွာ တွေးခေါ်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဦးဆောင်နိုင်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အကျင်းကောင်းများ ရရှိလာစေ၍ အနာဂတ်သုတေသနလုပ်ငန်းများအတွက် ဆန်းသစ်တီထွင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါ သည်။
အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လူငယ်စိုက်ပျိုးရေးသုတေသီအသင်း၏ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ သက်ဆိုင်ရာ ဌာနစုတာဝန်ခံများ၊ လူငယ်မျိုးဆက်သစ်စိုက်ပျိုးရေး သုတေသီအသင်းဝင်များ online/off line ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သုတေသန လုပ်ငန်းများဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် အဖွဲ့လိုက် (Team Work) ဖြင့် လုပ်ဆောင်ခြင်းသည် လုပ်ငန်းများပိုမိုတိုးတက်စေနိုင်ပါကြောင်း၊ လူငယ်များအချင်းချင်း ဆွေးနွေး ညှိနှိုင်း၍ ပိုမိုဆန်းသစ်သည့် သုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ တောင်သူ လယ်သမားများ၏ လူနေမှုဘဝ မြင့်မားရန် သုတေသနပညာရှင်များတွင် တာဝန်ရှိ၍ သုတေသနလုပ်ငန်းများအား စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်စေလို ပါကြောင်း၊ လူငယ်များ အနေဖြင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများပေါ်မူတည်၍ ကောင်းမွန်စွာ ဦးဆောင်နိုင်သည့် နောင်အနာဂတ် အတွက် အားကိုးအားထားပြုရမည့် ခေါင်းဆောင်ကောင်းများဖြစ် လာစေရေး မိမိအနေဖြင့် ယုံကြည် မျှော်လင့်ပါကြောင်း အဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၂၀-၂၀၂၃ ခုနှစ်အတွင်း တာဝန်ယူခဲ့သော လူငယ်စိုက်ပျိုးရေးသုတေသီအသင်းအဖွဲ့ ဥက္ကဌဒေါ်ခင်စန္ဒာချို-မှ တာဝန်ယူခဲ့စဉ်ကာလအတွင်း အသင်းအနေဖြင့် သုတေသနပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ အားကစား၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍများတွင် အသင်း၏ ကြိုးပမ်း ဆောင်ရွက်ချက်များအားတင်ပြခဲ့ပါသည်။ ယင်းနောက် လက်ဆင့်ကမ်း လုပ်ငန်းတာဝန်များအား အသင်း၏ ဥက္ကဌအဖြစ် အသစ်ရွေးချယ်ခြင်းခံရသည့် ဒေါ်ဇင်မျိုးနွယ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အဖွဲ့ဝင်အသစ်များအား ကြိုဆိုမိတ်ဆက်ခဲ့ကြပါကြောင်းနှင့် အစီအစဉ်အရမှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူး ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက် ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။