လုပ်ငန်းခွင် အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ ကျင်းပဖွင့်လှစ်ခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေး ခန်းမတွင် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခန်းအနားကို လူစွမ်းအားအရင်းအမြစ်ဌာန၏ အစီအစဉ်ဖြင့် ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ပါသည်။ သင်တန်းကာလမှာ ၁.၆.၂၀၂၂ ရက်နေ့မှ ၂၁.၆.၂၀၂၂ နေ့ထိ ၃ ပတ်တာမျှ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ) နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်(သီးနှံ) ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံ များနှင့် စိုက်ပျိုး ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးသုတေသနဦစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ သင်တန်း သား စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းအား လုပ်ငန်းစတင်ဝင်ရောက်လျက်ရှိသည့် ဝန်ထမ်းများအား လုပ်ရည် ကိုင်ရည်၊ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန်နှင့် အစိုးရဝန်ထမ်းများ၏ ဥပဒေ၊ နည်းဥပဒေပါလိုက်နာ ဆောင်ရွက်ရမည့် ဝန်ထမ်းကျင့်ဝတ် ဝတ္တရားဆိုင်ရာ အခြေခံများ၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရာထူးအဆင့် လုပ်ငန်းအဆင့်အလိုက် လုပ်ငန်းတာဝန် TOR များ ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ အလုပ်စတင်ဝင်ရောက်နေပြီဖြစ်သည့် မိမိတို့စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၏ မျိုးဆက်သစ်ဝန်ထမ်းသစ်များကို ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲနွေးထွေးစွာ ကြိုဆို ဂုဏ်ယူပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် တက္ကသိုလ်မှဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်ဝတ် ၊ မိမိတို့ လုပ်ကိုင်ရမည့် အကြောင်း အရာ များကို သေချာစွာသိရှိနားလည်နိုင်စေရန်နှင့် သင်တန်းသားသင်တန်းသူများအနေဖြင့် နိုင်ငံတော် ကို ကိုယ်စားပြု ဆောင်ရွက်ပေးရမည့်နိုင်ငံဝန်ထမ်းများအဖြစ် မိမိတို့၏ ကိုယ်ရေကိုယ်သွေးနှင့် စိတ်နေ စိတ်ထား၊ အသက်မွေးဝမ်းကြောင်းမှုနှင့် ဌာနလုပ်ငန်းများကို အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တို့ကို ကောင်းသည်ထက် ကောင်းမွန်အောင် မိမိတို့ကိုယ်တိုင် လေ့ကျင့်သင်ယူစေလိုပါကြောင်း၊ ယနေ့ သင်တန်းတွင် ရာထူးအနွယ် မတူသူများအားလုံး အတူတကွ တက်ရောက်စေခြင်းမှာ သုတေသန၊ ဓာတ်ခွဲခန်း၊ ငွေစာရင်းပိုင်း၊ စီမံခန့်ခွဲရေးပိုင်း စသည်ဖြင့် ရာထူးနွယ်နဲ့လုပ်ငန်းများ ခွဲခြားထားသော် လည်း ဌာန၏ အောင်မြင်မှု ပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် အတူလက်တွဲသွားကြရမည့်သူများ ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်း သားများအတွက် နံနက်စာ၊ နေ့ လယ်စာ၊ ညစာ များကို လူအများနှင့်အတူတကွ ညှိနှိုင်းနေထိုင်စားသောက် တတ်ကာ ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေဖြစ်အောင် ပြုမူနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရစေရန်၊ စုဝေးစားသောက်နိုင်စေ ရန် ပြင်ဆင်ပေးထားပါကြောင်း၊ သင်တန်းသားသင်တန်းသူများအား မိမိတို့ဌာနအပြင် အခြားသော ဌာနများမှ သင်တန်းဆရာများကိုပါ ဖိတ်ခေါ်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းတွင် မရှင်းလင်းပါက ထပ်မံသိလိုသည်များကို သင်တန်းဆရာများအား မေးမြန်း ဆွေးနွေးနိုင်ပါကြောင်း၊ သင်တန်းသားများအား လူစွမ်းအားအရင်းအမြစ်ဌာမှ ငွေစာရင်း၊ စီမံခန့်ခွဲရေး၊ ခေါင်းဆောင်နိုင်မှု စွမ်းရည် မြင့်မားလာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်လာစေရေး၊ စည်းကမ်း လိုက်နာတတ်လာစေရေး၊ အချိန် လေးစားတတ်လာစေရေးတို့ကို သင်တန်းကာလအတွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဝန်ထမ်းများအားလုံးအနေဖြင့် အနာဂတ်တွင် နိုင်ငံတော်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန နှင့် စိုက်ပျိုးရေးကဏ္ဍတို့အတွက် မိမိတို့လုပ်ငန်းများကို ပိုမို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မည့် အနာဂတ်၏ ဦးဆောင်သူ လူချွန်လူကောင်း အရာထမ်းများအဖြစ် လည်းကောင်း၊ စည်းကမ်းကျင့်ဝတ် များ လိုက်နာသည့် အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများအဖြစ်လည်းကောင်း မိမိကိုယ်ကို လေ့ကျင့် ပျိုးထောင်ကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းစံသိန်းမှ အချိန်လေးစား၊ ဝီရိယ ထား၍ မိမိတို့ဆောင်ရွက်မည့် သုတေသနအပေါ် ရိုးသားသည့် သုတေသီများဖြစ်လာစေရေးပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်မိုးမျိုးတင့်မှလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန အတွက်သာမက နိုင်ငံ၏ အနာဂတ်များဖြစ်ကြသည့် သင်တန်းသားများအနေဖြင့် မိမိတို့အနာဂတ်များ ပိုမိုတောက်ပလာစေရေးကြိုးပမ်းရမှာဖြစ်သလို မိမိကိုယ်ကို ထိန်းကြောင်းနိုင်သည့် သူများဖြစ်လာ စေရေး ပြောကြားခဲ့သည်။
သင်တန်းတွင် ဌာနနှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ အားလည်းကောင်း၊ သုတေသနဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် နှင့်ဆိုင်သည့်သိရှိရမည့် အကြောင်းအရာများအားလည်းကောင်း၊ သုတေသနအခြေခံသဘောတရားနှင့် Experimental Design Analysisများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စပါးသီးနှံ သုတေသနဌာနခွဲ၊ ယာသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်း အမြစ်များ သုတေသနဌာနခွဲ၊ စိုက်ပျိုး စီးပွား၊ မွေးမြူရေးနှင့်နည်းပညာ သုတေသနဌာနခွဲ၊ ရိတ်သိန်းချိန်လွန် နည်းပညာနှင့် အစားအစာသုတေသန ဌာနခွဲ၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ စီမံ၊ငွေ၊ စီမံကိန်းနှင့် လူ့စွမ်းအား အရင်း အမြစ်ဌာနခွဲစသည့် ဌာနခွဲများ အောက်ရှိ ဌာနစုများ၏ သုတေသနပြု ဆောင်ရွက် နေမှုများ၊ ရုံးလုပ်ငန်း ပိုင်း၊ စီမံကိန်း၊ ငွေစာရင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေး သုတေသနဦးစီးဌာနမှ ပညာရှင်များမှ ဌာနဆိုင်ရာ အချက် အလက်များ သင်ကြားပေးခြင်းများ ကို စာတွေ့ လက်တွေ့ သင်ကြား သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ဝန်ကြီးဌာနဖွဲ့စည်းပုံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ ပန်းတိုင်၊ မူဝါဒ၊ ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်နေမှုများနှင့် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ ဌာနခွဲများ အကြောင်း သိကောင်းစရာများ၊ သုတေသနဆောင်ရွက်နေမှုအခြေအနေများကို သင်တန်း၏ ပထမဆုံး အချိန်အဖြစ် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ ပို့ချခဲ့ပြီး သင်တန်းသားများနှင့် အပြန် အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန