စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်( ၃/၂၀၂၄ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

2
3
4
2 3 4

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်( ၃/၂၀၂၄ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၈.၇.၂၀၂၄)ရက်နေ့ နံနက် ( ၈:၃၀ )အချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် (နည်းပညာ) နှင့် ညွန်ကြားရေးမှူးများ၊ သင်တန်းသား/သူများ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ၊ စိုက်ပျိုး ရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာဌာနမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါတ်တာ နိုင်ကြည်ဝင်း မှ အဖွင့်အမှာစကားပြောကြားရာ ယနေ့ဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြိုသင်တန်းကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများ၊ သုတေသနပညာရှင်များ၊ အရာထမ်း/အမှု့ထမ်းများအားဦးစွာနှုတ်ဆက်ပြီး သင်တန်းသား/သင်တန်းသူများ ဖြစ်သည့် စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းသစ်များအားလုံးကို နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုပါကြောင်း ၊ စိုက်ပျိုး ရေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးဆိုင်ရာသုတေသန လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ဌာနတစ်ခုဖြစ်သည့်အပြင် သုတေသနနည်းပညာသစ် များကို သုတေသနပြုရှာဖွေဖော်ထုတ်လျှက်ရှိပြီး သုတေသနပညာရှင်များကိုလည်း စနစ်တကျ ခန့်အပ်မွေးထုတ်လျက်ရှိကြောင်း ၊ ဝန်ထမ်းသစ်များအား စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန် အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်နှင့် အစိုးရဝန်ထမ်းများ၏ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါလိုက်နာဆောင်ရွက်ရမည့်ဝန်ထမ်းကျင့်ဝတ် တာဝန် ဝတ္တရားဆိုင်ရာ အခြေခံများ၊ ဌာန၏လုပ်ငန်းတာဝန်များ ၊ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်စေရန်အတွက် လုပ်ငန်းခွင် အကြို သင်တန်းကို ဖွင့်လှစ် ပေးရခြင်း ဖြစ်ကြောင်း ၊ ထို့အပြင် သင်တန်းသား/သင်တန်းသူများသည် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးကို ကိုယ်စားပြုဆောင်ရွက်ပေးရမည့် နိုင်ငံ့ဝန်ထမ်း များဖြစ် သောကြောင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေသဘောထား ၊ ဌာန၏လုပ်ငန်းများကို အချင်းချင်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု (Communication Skill)တို့ကို ကောင်းသည်ထက် ပိုမိုကောင်းမွန်လာအောင် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ချမှတ်ထားသောစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန် ၊ သင်တန်းအချိန်ဇယားအတိုင်း အချိန်တိကျစွာ တတ်ရောက်ရန် ၊ သင်တန်းကာလ အတွင်း ပေါ့ပေါ့ဆဆမနေရန် ၊ မရှင်းလင်းသည်များကို သင်တန်းဆရာများအား မေးမြန်းဆွေးနွေးရန် ၊ ဝန်ထမ်းသစ်များအားလုံးသည် အနာဂတ်၏ ဦးဆောင်သူ လူချွန်လူရည်မွန်အရာထမ်းများ ၊ အရည် အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ အဖြစ်သို့ရောက်ရှိရန် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းတွင် ဒုတိယညွန်ကြားရေးမှူးချုပ်(နည်းပညာ)မှ ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်း ချက်၊ လုပ်ငန်းတာဝန်၊ ဌာနခွဲများအကြောင်း ၊ညွန်ကြားရေးမှူး (စီမံ) မှ စီမံခန့်ခွဲရေး ၊ ငွေစာရင်း၊ စီမံကိန်းနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနခွဲအောက်ရှိ ဌာနစုများ၏ လုပ်ငန်းများ အကြောင်း ၊ တာဝန်ခံ (စီမံ)/ ဝန်ထမ်းရေးရာ ဌာနမှ ဝန်ထမ်းဥပဒေ ၊ နည်းဥပဒေ ၊ ဝန်ထမ်း စည်းကမ်းများဆိုင်ရာများကိုလည်းကောင်း သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနလက်အောက်တွင်ရှိသော ဌာနခွဲ၊ ဌာနစု ၊လုပ်ငန်းစု (ကွင်း/ရုံး)များရှိ သက်ဆိုင်ရာ တာဝန်ခံများမှ မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွား မှာဖြစ်ပြီး၊ သင်တန်းကာလတွင်သင်တန်းသားများအား တပ်ကုန်းသုတေ သနခြံ၊ အပူပိုင်းဒေသသစ်သီးဝလံသုတေသနဗဟိုဌာန (မယ်အောင်ကန်)ခြံများတွင် သုတေသနပြုဆောင်ရွက် လျှက်ရှိသည်များကို သွားရောက်လေ့လာမည်ဖြစ်ပြီး သင်တန်းကာလမှာ ( ၈.၇.၂၀၂၄ ) ရက်နေ့မှ (၇.၈.၂၀၂၄ )ရက်နေ့ထိဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။