လယ်ယာစွန့်ပစ်ပစ္စည်းများမှသည် အစားအစာလုံခြုံမှုဆီသို့
ဒေါက်တာဝင်းစုမင်း
(စိုက်ပျိုးရေးသုတေသနဉီးစီးဌာန)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိုက်ပျိုးရေးမှထုတ်လုပ်သော စွန့်ပစ် ပစ္စည်းများသည်လည်း တစ်နှစ်ထက်တစ်နှစ်များပြားလာလျက်ရှိနေပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဆိုင်ရာစွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး မြေဆွေးပုံများပြုလုပ်သုံးစွဲရန်အတွက် အလွန်လိုအပ်လျက် ရှိနေပါသည်။ တဖက်မှလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ပြီး အခြားတစ်ဖက်မှလည်း စိုက်ပျိုးရေးဆိုင်ရာ အထွက်နှုန်းများတိုးတက်စေရန်အတွက်လည်း ရည်ရွယ်ချက်များထားရှိကာ ဆောင် ရွက်ရမည်ဖြစ်ပါသည်။ ရေရှည်တွင် မြေဆီလွှာအာဟာရကို ထိန်းသိမ်းရန်အတွက်လည်း မြေဆွေး များ၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှပါသည်။ ထို့ကြောင့် အကျိုးပြုအဏုဇီဝ သက်ရှိများကို အသုံးပြု၍ ၎င်းစွန့်ပစ်ပစ္စည်းများကို ဆွေးမြေ့စေကာ မြေဆွေးပြုလုပ်အသုံးချခြင်းသည် အကောင်း မွန်ဆုံးသော နည်းလမ်းဖြစ်ပါသည်။
မြေဆွေးဆိုသည်မှာ
မြေဆွေးဆိုသည်မှာ အဏုဇီဝသက်ရှိများမှ ချေဖျက်ပြီး ရရှိလာသော တည်ငြိမ်ဆွေးမြေ့သည့် အော်ဂဲနစ်ပစ္စည်းကို ဆိုလိုပါသည်။ မြေဆွေးဖြစ်စဉ်တစ်ခုတွင် အဏုဇီဝသက်ရှိများသည် အောက်ဆီ ဂျင်ကိုအသုံးပြုပြီး ချေဖျက်သည့်ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး မူလရှုပ်ထွေးသည့်အော်ဂဲနစ်ပစ္စည်းများကို အော် ဂဲနစ်ပစ္စည်းများအသွင်သို့ ပြောင်းလဲသည့်ဖြစ်စဉ်ဖြစ်ပါသည်။ ထရိုင်ခိုဒါးမားဖြင့် ဆွေးမြေ့ထားသော မြေဆွေးများသည် သာမန်ဉယျာဉ် ခြံမြေဆွေးများထက် အပင်ရောဂါများကို သက်သာစေပြီး အပင်ကြီး ထွားမှုကို တိုးတက်ကောင်းမွန်စေပါသည်။
အကျိုးပြုအဏုဇီဝသက်ရှိများအသုံးပြု၍ မြေဆွေးပြုလုပ်ခြင်း
မြေဆွေးပြုလုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာစွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ပြောင်းရိုး၊ နှမ်းရိုး၊ ကြံကြိတ်ဖတ် ကဲ့သို့သော ပစ္စည်းများကိုအသုံးပြုနိုင်ပါသည်။ သမရိုးကျမြေဆွေးများသည့် ဆွေး မြေ့ရန်အတွက် ပုံမှန်အားဖြင့် လေးလမှ ငါးလခန့်အထိကြာမြင့်တတ်ကြပါသည်။ အကျိုးပြုအဏုဇီဝ သက်ရှိကိုအသုံးပြု၍ ဆွေးမြေ့စေမည်ဆိုပါက သုံးပတ်မှ လေးပတ်အထိကြာမြင့်ချိန်ကို လျော့ချနိုင်မည် ဖြစ်ပါသည်။ ဆဲလူးလို့စ်များကိုချေဖျက်နိုင်သည့် အက်စပါးဂျီးလပ်စ်နှင့် ထရိုင်ခိုဒါးမားမှိုများကို အသုံး ပြုမည်ဆိုပါက တစ်လအတွင်းဆွေးမြေ့စေနိုင်ကြောင်း သုတေသနများအရသိရှိရပါသည်။ ထရိုင်ခိုဒါးများ မှိုများသည် ၎င်းတို့တွင်ပါဝင်သည့် အင်ဇိုင်းတစ်မျိုးသည် ဆဲလူးလိုစ်များကို ကောင်းစွာချေဖျက်နိုင်ပါ သည်။ ထို့ကြောင့် ထရိုင်ခိုဒါးမားအကျိုးပြုမှိုများကို မြေဆွေးပြုလုပ်ရာတွင် အသုံးပြုသင့်ပါသည်။
ထရိုင်ခိုဒါးမားမှိုအသုံးပြု၍ မြေဆွေးပြုလုပ်ခြင်း
ထရိုင်ခိုဒါးမားမှိုသည် ပွားများမှုမြန်ဆန်ပြီး စီးပွားဖြစ်အနေဖြင့် ဇီဝမြေဆွေးထုတ်လုပ်ခြင်း၊ ဇီဝပိုးသတ်ဆေးများထုတ်လုပ်ခြင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်။ သီးနှံအများစု၏ မြေဆောင်ရောဂါများကျရောက်မှုတွင်လည်း ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ရောဂါများကိုလျော့ပါး သက် သာစေကြောင်း တွေ့ရှိရပါသည်။ ထရိုင်ခိုဒါးမားမှိုဖြင့်စီရင်ထားသော မြေဆွေးများသည် အပင်များ တွင်ဖြစ်စေသော မှိုရောဂါတော်တော်များများကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ ဇီဝမြေဆွေးများသည် ဓါတုမြေဆွေးများကဲသို့ အပင်ကိုတိုက်ရိုက်အစာကျွေးခြင်းမဟုတ်ပဲ မြေထဲတွင်ရှိသော အခြား ဘက်တီး ယားများနှင့်မှိုများအတွက် ကြားခံပစ္စည်းများအနေဖြင့် အကျိုးပြုနေပါသည်။ ဇီဝမြေဆွေးထုတ်လုပ်မှု သည် ဓါတုမြေဩဇာများထုတ်လုပ်ခြင်းထက် ရိုးရှင်းလွယ်ကူပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာ စေပါသည်။
မြေဆွေး ဆွေးမြေ့မှုကိုစမ်းသပ်ခြင်း
မျိုးစေ့ကို အညှောင့်ဖောက်၍ စမ်းသပ်ခြင်းသည် မြေဆွေးဆွေးမြေ့မှုကို တိုင်းတာရာတွင် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။အပင်ပေါက်ရာခိုင်နှုန်း ၈၀-၈၅ ရာခိုင်နှုန်းထက် ကျော်လွန် ပါကမြေဆွေးသည်ကောင်းစွာဆွေးမြေ့နေပြီဖြစ်ပါသည်။ကောင်းစွာဆွေးမြေ့နေသောမြေဆွေးသည် ပြင် ပသွင်ပြင်လက္ခဏာများအရ အညိုရောင်မှအနက်ရောင်ဖြစ်နေခြင်း၊ မြေလုံးဖွဲ့စည်းမှုကောင်းခြင်း၊ အနံ့အသက် ကောင်းခြင်းတို့နှင့်ပြည့်စုံရပါမည်။ ထရိုင်ခိုဒါးမားမှိုစီရင်ထားပါက နိုက်ထရိုဂျင်၊ ဖော့်စပါးရပ်နှင့် ပိုတက်စီယမ်ပါဝင်မှုကိုကောင်းမွန်စေပါသည်။ကာဗွန်၊ နိုက်ထရိုဂျင်အချိုးကိုလည်း လျော့ကျစေပါသည်။ ကောက်ရိုး မြေဆွေးသည် ၈၅-၁၀၈ ရက်အတွင်းဆွေးမြေ့ပြီး ကြံမြုပ်ချေးမြေဆွေး သည် ရက်ပေါင်း ၁၁၈ ရက်ကြာမှသာ ဆွေးမြေ့သည်ကို လေ့လာတွေ့ရှိထားပါသည်။ ထို့ကြောင့် ထရိုင်ခိုဒါးမားမှိုကို အသုံးချ ခြင်းဖြင့် မြေဆွေးများပြုလုပ်သုံးစွဲသင့်ပါသည်။
သဘာဝမြေဆွေး နှင့် ဇီဝမြေဆွေးတို့၏အကျိုး ကျေးဇူးများ
သဘာဝ၊ ဇီဝမြေဆွေးများကို အသုံးပြုခြင်းဖြင့် တောင်သူများလက်ရှိအသုံးပြုနေသော ဓါတုဗေဒ ပိုးသတ်ဆေး၊ မြေဩဇာ များအတွက် ကုန်ကျစရိတ်များကို လျော့ချစေနိုင်ပြီး ဝင်ငွေများ လည်း တိုးတက်လာစေမည်ဖြစ်ပါသည်။ အကျိုးပြုအဏုဇီဝသက်ရှိများကိုအသုံးပြု၍ မြေဆွေးများ ပြုလုပ် သုံးစွဲခြင်းဖြင့်လည်း အစားအစာလုံခြုံမှုနှင့် အန္တာရယ်ဖြစ်မှု စားသုံးရန်စိတ်ချရမှု စသည်တို့ကို လည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါသည်။ ပြည်ပပို့ကုန်သီးနှံများတွင်လည်း ဓါတ်ကြွင်း အာနိသင် ပြဿနာ ကြောင့် ပို့ကုန်အတွက်ထိခိုက်နှစ်နာမှုများ စီးပွားရေးအရ ဆုံးရှုံးရမှုများကို စိုက်ပျိုးသူ တောင်သူများ၊ ကုန်သည်များလည်း ထိခိုက်ခံစားနေကြရပါသည်။ ဇီဝမြေဆွေးများ ပြုလုပ် သုံးစွဲခြင်းဖြင့်လည်း အထက် ပါ ပြဿနာများကို ပြေလည်စေမည်ဖြစ်ပြီး စားသုံးသူ၊ စိုက်ပျိုးသူ၊ ကုန်သည် များမှသည် နိုင်ငံတော်အထိ အကျိုးများစွာရှိစေမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဆိုင်ရာစွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီး ဇီဝမြေဆွေးများ အမြန်ဆုံး အကောင် အထည် ဖော် ပြုလုပ် သုံးစွဲကြရန် လိုအပ်လာပြီဖြစ်ပါသည်။ ဇီဝမြေ ဆွေးများ ပြုလုပ် သုံးစွဲလိုသော တောင်သူများ၊ စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် အော်ဂဲနစ်စိုက်ပျိုးရေးကို အကောင် အထည်ဖော် ဆောင်ရွက်လိုသော အဖွဲ့အစည်းများအတွက် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ ထရိုင်ခိုဒါးမားမှိုထုတ်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချပေးခြင်းနှင့် ဇီဝမြေဆွေးပြုလုပ်ရန် နည်းပညာ များကိုသင်တန်းပေးခြင်း၊ လက်တွေ့ ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။