မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး မြေဆီလွှာသည် အပင်ကြီးထွားမှုနှင့် အပင် အာဟာရအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်များကို ပံ့ပိုးပေးနေပါသည်။ သီးနှံ အထွက်နှုန်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမကျဆင်းစေရန်အတွက် မြေဆီလွှာအာဟာရ ပြည့်ဝ စေရန် ဓာတ်မြေသြဇာ ထည့်သွင်းပေးရပါသည်။ မြေဆီလွှာသည် တန်ဖိုးအရှိဆုံး သဘာဝ အရင်းအမြစ်ဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရေရှည်တည်တံ့မြဲသောစိုက်ပျိုးရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။
မြေဆီလွှာအဆင့်အတန်းသည် မြေမျက်နှာသွင်ပြင်လိုက်၍ သိသိသာသာကွဲပြား ခြားနားပါသည်။ မြေဆီလွှာစစ်တမ်းအချက်အလက်များအရ အပူပိုင်းဇုန်ရှိ စိုက်ပျိုးမြေအများစုတွင် အပင်အာဟာရဓာတ်နှင့် အော်ဂဲနစ်ပါဝင်မှု အလွန်နည်းပါသည်။ ရှမ်းကုန်းမြင့်ဒေသများတွင် သံဓာတ်ကြွယ်ဝသော၊ နီညိုတော၊ ဝါညိတော မြေများနှင့် ဖုံးလွှမ်းထားသည်။
သစ်တောများ ပျက်စီးလာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက ရေတိုက်စားမှုဖြစ်ပြီး အပေါ်ရံ မြေလွှာများ ဆုံးရှုံး၍ သီးနှံစိုက်ပျိုးမှုကို ထိခိုက်စေပါသည်။ မြေဆီလွှာမြေနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးမှုသည် စုစုပေါင်းစိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး တိုက်စားမှုဒဏ် အများဆုံးခံစားရသော ဒေသများမှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ဖြစ်ပါသည်။
မြေဆီလွှာတိုက်စားမှု၊ မြေဆီဩဇာကျဆင်းမှုနှင့် မြေချဉ်ငန်ဓာတ်တိုးလာမှု တို့သည် အဓိက ဦးစားပေးဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်ပါသည်။ မြေဆီလွှာ ပျက်စီးမှု နှင့် မြေဆီသြဇာလျော့နည်းလာမှု၏ အဓိကအကြောင်းအရင်းများမှာ သစ်တော ပြုန်းတီးခြင်း၊ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်သည့် နည်းစနစ်များလွှဲမှားခြင်း၊ မြေယာအသုံးပြုမှု မမှန်ခြင်း၊ စားကျက်များ လွန်ကဲခြင်းနှင့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းတို့ကြောင့်ဖြစ်ပြီး လွဲမှားသော စီမံခန့်ခွဲမှုများသည် လွဲမှားစွာ စိုက်ပျိုးထုတ်လုပ်ခြင်းသို့ ဦးတည်စေပါသည်။ မြန်မာနိုင်ငံတွင် မြေဆီလွှာပျက်စီးမှုကို စောင့်ကြည့်ရန်နှင့် လျော့နည်းသက်သာစေရေး အားကောင်းသော အစီအမံများကို စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
တစ်ယူနစ် ဧရိယာအလိုက် သီးနှံအထွက်နှုန်းကို တိုးမြင့်လာစေရန်အတွက် မြေဆီလွှာ အတွင်းရှိ အပင်အာဟာရများကို ထိရောက်စွာအသုံးပြုလာနိုင်စေရန် မြေဆီလွှာ၏ အရေးကြီးသော ဂုဏ်သတ္တိများနှင့် လက္ခဏာရပ်များကို လေ့လာရန် မရှိမဖြစ် လိုအပ်ပါသည်။
မြေဆီလွှာ၏ ထုတ်လုပ်မှုစွမ်းအားသည် မြေဆီလွှာ၏ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဂုဏ်သတ္တိများနှင့် သီးနှံအထွက်နှုန်းကို ထိန်းသိမ်းထားနိုင်မှုတို့နှင့် ဆက်စပ်နေပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော မြေဆီလွှာစီမံခန့်ခွဲမှုအတွက် ပိုမိုကောင်းမွန်သော မြေဆီလွှာ အချက်အလက်မှတ်တမ်းများ မရှိမဖြစ်လိုအပ်ပါသည်။ မြေဆီလွှာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ အခြေခံမြေဆီလွှာ အချက်အလက် များ၊ ဓာတ်ခွဲစမ်းသပ်ထားရှိမှုများ၊ ထင်ရှားသော အမှတ်အသားများ ဖြစ်ပါသည်။ ၎င်းကို ကွင်းဆင်းလေ့လာမှုများမှတစ်ဆင့် မြေဆီလွှာအချက်အလက်စနစ် (Soil Information System) တွင် စုဆောင်းထားရှိပြီး မြေဆီလွှာဂုဏ်သတ္တိများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း များမှ တစ်ဆင့် စနစ်တကျ မြေဆီလွှာဆိုင်ရာအချက်အလက်များ ဆက်လက်စုဆောင်းရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် တိကျသောမြေဆီလွှာ အချက်အလက်များရှိမှသာလျှင် မြေဆီလွှာရေရှည်စီမံခန့်ခွဲမှုအတွက် တိကျသော၊ ထိရောက်သော လမ်းညွှန်မှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။
မြေဆီလွှာမြေပုံများနှင့် ဆက်စပ်သတင်းအချက်အလက်စနစ်များသည် မြေဆီလွှာ အရည်အသွေးကို အချိန်နှင့်အမျှ အကဲဖြတ်ရန်အတွက် အခြေခံအချက်အလက်များ ဖြစ်ကြသည်။ မြေဆီလွှာမြေပုံများသည် မြေဆီလွှာအမျိုးအစားများနှင့် ဂုဏ်သတ္တိများ၏ ဧရိယာ အနေအထားနှင့် ပါဝင်သည့်ပမာဏ အချက်အလက်များကို ဖော်ပြပေးထားပါသည်။
မြေဆီလွှာမြေပုံများသည် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ရာသီဥတုပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကူအညီပေးရေး၊ မြို့ပြစီမံကိန်းများ နှင့် အခြားအကြောင်းအရာများအတွက် မူဝါဒများနှင့် စီမံကိန်းများကိုချမှတ်ရာတွင် များစွာ ပံ့ပိုးပေးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မြေဆီလွှာမြေပုံများ၊ မြေဆီလွှာပရိုဖိုင်ဒေတာဘေ့စ်နှင့် မြေဆီလွှာအချက်အလက်စနစ်အား မရှိသေးသည်များကို ရှိလာအောင်၊ ရှိပြီးဖြစ်သော အချက်အလက်များကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံရန် လိုအပ်လျက်ရှိပါသည်။
မြေဆီဩဇာကောင်းမွန်မှုကို ရေရှည်ထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် အရေးကြီးသောအရာဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရန် နှင့် စားနပ်ရိက္ခာဖူလုံစေရေး အတွက် တိကျသော မြေဆီလွှာအချက်အလက်များ လိုအပ်ပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးထွက်ကုန်များ နည်းပညာဆိုင်ရာ ပံ့ပိုးမှုအတွက် မြေဆီလွှာဆိုင်ရာ အခြေခံအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ မြေဆီလွှာဆိုင်ရာ ပြဿနာမျိုးစုံကို ထိရောက်စွာဖြေရှင်းနိုင်စေရန်အတွက် မြေဆီလွှာအချက်အလက်ကို အသုံးပြု၍ မြေဆီလွှာမြေပုံ များပြုလုပ်ရန် လိုအပ်ပါသည်။ ရေရှည်တည်တံ့သော မြေဆီလွှာကို စီမံခန့်ခွဲထိန်းသိမ်း နိုင်စေရန်အတွက် မြေဆီလွှာအချက်အလက်များကို ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းနှင့် ဒေတာဘေ့စ်ထည့်သွင်းရန် လိုအပ်ပါသည်။
ထို့ကြောင့် မြေဆီလွှာဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် ခိုင်မြဲသည့် ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှုအတွက် မြေဆီလွှာဆိုင်ရာသတင်းအချက်အလက်စနစ် တည်ထောင်နိုင်ရန်အတွက် နိုင်ငံအနှံ့ မြေဆီလွှာ သတင်းအချက်အလက်များကို အချိန်နှင့်အမျှ ရယူစုဆောင်း၍ ဓာတ်ခွဲစမ်းသပ်ရန် လိုအပ်လျက် ရှိရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ် သုတေသနဌာနခွဲ အနေဖြင့် မြေဆီလွှာဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်းများဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းထပင်မြို့နယ်များ နှင့် ဖြူးမြို့နယ်သို့ သွားရောက်၍ မြေဆီလွှာသတင်းအချက်အလက်များ ရယူခြင်း၊ မြေဆီလွှာပရိုဖိုင်ခြင်း များကို ဆောင်ရွက်ခဲ့ပြီး ရယူခဲ့သော မြေနမူနာများကို စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ် သုတေသနဌာနခွဲရှိ ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးလျက်ရှိပါသည်။