၂၀၂၂ခုနှစ်မေလ(၄)ရက် နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း၌ မြေဆီလွှာဂုဏ်သတ္တိများ ရေရှည်ကောင်းမွန်စေရန်၊ ပတ်ဝန်း ကျင် ညစ်ညမ်းမှု ကိုလျော့နည်းစေရန်၊ ဓါတုမြေဩဇာအစား သစ်စိမ်းမြေဩဇာအစားထိုး စိုက်ပျိုးအသုံးပြုခြင်းဖြင့် လက်ရှိတောင်သူများ ကြုံတွေ့နေရသော ဓါတ်မြေဩဇာ ရှားပါးမှု ဈေးနှုန်းကြီးမြင့်မှုတို့ကို တစ်ဖက် တစ်လှမ်းမှ ကူညီဖြေရှင်းပေးနိုင်စေရန် ရည်ရွယ်၍ သရုပ်ပြစိုက်ပျိုးထားသော သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) (၁၀)ဧကအား တောင်သူများ လက်တွေ့သိမြင်စေရန် ထယ်ထိုးမြုပ်နှံခြင်း ကွင်း သရုပ်ပြပွဲ အား ပြုလုပ်ကျင်းပခဲ့ပါသည်။
၎င်းကွင်းသရုပ်ပြပွဲသို့ ကလောမြို့နယ် ငုံးသုံကျေးရွာအုပ်စု၊ ပင်မှီကျေးရွာ အုပ်စုနှင့် သာမိုင်းခမ်း ကျေးရွာ အုပ်စုတို့မှ တောင်သူ (၂၀)ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကလော မြို့နယ် မှ ဝန် ထမ်း(၆)ဦး တက်ရောက်ခဲ့ပါသည်။
အစီအစဉ်အရ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း၏ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်မှ သီးနှံများ မစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခတ္တ မြေလှပ်ချိန်တွင် အကြီးမြန်သော ပိုက်ဆံ လျှော်အား ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် သီးနှံပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့် သစ်ဆွေးဓာတ် များကို မြေတွင်းသို့ ထည့်သွင်းပေးနိုင်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်း နိုင်ရန်မှာ မြေဆီလွှာ အရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရန်မှာ အရေးကြီးကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သုတေသနလက်ထောက်-၂၊ ဒေါ်အိအိခိုင်မှ ပိုက်ဆံလျှော် သစ်စိမ်း မြေဩဇာအကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။
တက်ရောက် လာသောတောင်သူများမှ သရုပ်ပြစိုက်ပျိုးထားသော ပိုက်ဆံလျှော်ခင်းများအား ကြည့်ရှုလေ့လာကြပြီး သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ အပြန်အလှန် ပြုလုပ်ခဲ့ကြပြီး လက်တွေ့ ထယ်ထိုး မြုပ်နှံခြင်းများ ပြုလုပ်ခဲ့ကြ ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန