မျိုးအာလူးထုတ်လုပ်မှုနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံကာကွယ်ရေး သုတေသန ဌာနခွဲ အောက်ရှိ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းတွင် မျိုးအာလူးထုတ်လုပ်မှု နည်းပညာပေး ဆွေးနွေးပွဲ ကို ၂၉.၃.၂၀၂၃ နေ့ မှ ၃၀.၃.၂၀၂၃ နေ့ထိ KOPIA-RDA ၏ အထောက်အပံ့ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင်ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ်၏ အရေးကြီးသီးနှံဖြစ်သည့် အာလူးသီးနှံ ထုတ်လုပ်မှု မြင့်မားစေရေးနှင့် အထွက်နှုန်းတိုးတက်စေရေးတို့အတွက် အခြေခံအကျဆုံး ဖြစ်သည့် ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူးများ ပြည်တွင်း၌ ထုတ်လုပ်သုံးစွဲနိုင်ရန်အတွက် မျိုးအာလူးဧက(၁၀,၀၀၀)စီမံချက်အား နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျှက်ရှိပြီး၊ ယခုသင်တန်းသည် မျိုးအာလူးထုတ်လုပ်မှုစီမံချက်တွင် အဆင့်အလိုက် ပါဝင်ဆောင်ရွက်ကြမည့်သူများအတွက် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း လက်တွေ့ပါဝင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးသွားကြရန် မှာကြားခဲ့ပါသည်။
ဆွေးနွေးပွဲ(၂)ရက်တာကာလအတွင်း ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း မှ လက်ထောက်သုတေသနအရာရှိ၊ ဒေါ်ဝင်းသန္တာ မှ အပင်တစ်သျှူးနည်းပညာဖြင့် မျိုးအာလူး များထုတ်လုပ်ခြင်းအားလည်းကောင်း၊ သုတေသနမှူး ဒေါက်တာဝင်းဝင်းနွယ် မှ မျိုးအာလူး ထုတ်လုပ်ခြင်း၏ အခြေခံသဘောတရားများ၊ မြေလွှာမဲ့ နည်းပညာများဖြင့် မျိုးထုတ်လုပ်မှု နည်းစနစ်များ၊ ပိုးမွှားလုံခြံနှင့်ကွင်းအခြေအနေတွင် မျိုးအာလူးများ ထုတ်လုပ်ရန် အတွက် စံသတ်မှတ်ချက်များအား စာတွေ့၊ လက်တွေ့ပြသ ဆွေးနွေးပေးခဲ့ပါသည်။
ဆွေးနွေးပွဲပိတ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ် နှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးမှ မျိုးအာလူးများ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဦးစီးဌာနများသာမက ပုဂ္ဂလိကအစုအဖွဲ့များ၊ မျိုးထုတ်လုပ်မည့် တောင်သူအစုအဖွဲ့များပါ တက်ရောက်ဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာလူးမျိုးထုတ်လုပ်မှု စီမံချက်အားအောင်မြင်အောင် ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများမှ ဆက်လက်လုပ်ဆောင်ပေးစေလိုသည့် အကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယ မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့နယ်မှ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ဟဲဟိုးနှင့် ဒီမောဆိုး စိုက်ပျိုးရေးသိပ္ပံမှ ဆရာ၊ဆရာမများ ဟဲဟိုးအာလူးအစုအဖွဲ့၊ နောင်တရားအာလူး အစုအဖွဲ့ နှင့် ကျုံးတောင်သူအစုအဖွဲ့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ထုံးဘိုခြံ နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးဥယျာဉ်ခြံတို့မှ စုစုပေါင်း (၅၀)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။