စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဘေးကင်းလုံခြုံအထွက်တိုး ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ

2
1.
3
4
2 1. 3 4

မျိုးစေ့ ပြင်ဆင်ခြင်း

အက်ကွဲနေသည့် မျိုးစေ့များ၊ ပိုးစားထားသည့်မျိုးစေ့များ၊ မျိုးစေ့ အရွယ်အစား အသေးအကြီး ရောနေသည်များ၊ အချိန်အတော်ကြာ သိုလှောင်ထားသည့် မျိုးစေ့များအား အသုံးပြုပါက အပင်မပေါက်ခြင်း၊ အပင်ပေါက်သော် လည်း ကောင်းစွာကြီးထွားမှု မရှိခြင်းများ ဖြစ်တတ်သည်။

အရွယ်အစားတူညီ၍ အရည်အသွေးပြည့်ဝသည့် မျိုးစေ့များကိုသာ ရွေးချယ်၍ မျိုးစေ့များကို ပိုးသတ်ဆေးဖြင့် လူးနယ်ပြီးမှသာ စိုက်ပျိုးရမည်။

အချိန်အတော်ကြာ သိုလှောင်ထားသည့် မျိုးစေ့များအား အသုံးမပြုဘဲ လတ်တလော ရိတ်သိမ်းထားသည့် မျိုးစေ့များထဲမှ အရည်အသွေး ကောင်းမွန်သည့် မျိုးစေ့ကို ကြိုတင်ရွေးချယ်ထားရမည်။

လက်တွေ့စိုက်ပျိုးမည့် မျိုးစေ့အား အပင်ပေါက်နှုန်း စမ်းသပ်ပြီး၊ အပင်ပေါက်နှုန်း (၈၀) ရာခိုင်နှုန်း အထက်ရှိသော မျိုးစေ့ကို အသုံးပြုရမည်။

 

မြေပြုပြင်ခြင်း

မြေဩဇာဓာတ်ပါဝင်မှုမရှိဘဲ ခြောက်ကပ်နေသည့် မြေဆီလွှာတွင် သစ်ရွက်ဆွေးမြေဩဇာ ထည့်ပေးရန် လိုအပ်သော်လည်း တောင်သူ အများစုမှာ စနစ်တကျ သစ်ရွက်ဆွေးမြေဩဇာ ထည့်သွင်းသည့် အလေ့အထ နည်းပါးကြပါသည်။

မိုးရာသီတွင်စိုက်ပျိုးသည့်အခါ စိုက်ကွက်ထဲတွင် ရေဝပ်ပါက အပင် မပေါက်ခြင်း၊ အပင်ပေါက်သော်လည်း ကောင်းစွာ ကြီးထွားမှုမရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ပဲတီစိမ်း ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည့် မြေမှာ မြေချဉ်ငံဓာတ် (၆~၇) အတွင်းဖြစ်ပြီး ၎င်းထက်နည်းပါက ထုံးထည့်၍ မြေပြုပြင်ပေးရမည်။

နွားချေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေဩဇာထည့်သည့်အခါ ကောင်းစွာ ဆွေးမြည့်ပြီးမှသာ အသုံးပြု၍ မစိုက်မီ (၇) ရက်ခန့် ကြိုတင် ထည့်၍ ထွန်ယက်ရမည်။ သေချာဆွေးမြည့်ခြင်း မရှိသေးသည့် မြေဩဇာအား ချက်ချင်း ထည့်၍ စိုက်ပါက မျိုးစေ့မှအပင်မပေါက်ခြင်း၊ အပင်ပေါက်သော်လည်း ကြီးထွားစဉ်တွင် အပင်သေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ပဲတီစိမ်းသည် အစိုဓာတ်များခြင်းနှင့် ရေဝပ်ခြင်းတို့ကို ခံနိုင်ရည်အားနည်းသဖြင့် မိုးရွာသည့်အချိန်ကာလတွင် စိုက်ပျိုးပါက မဖြစ်မနေ ဘောင်မြင့်မြင့် (အမြင့် ၁၅ မှ ၂၀ စင်တီမီတာ) ဖော်၍ ဘောင်ပေါ်တွင်သာ စိုက်ရမည်။ မြေညီတွင် စိုက်ပါက ရေဝပ်သည့်အခါ အပင်မပေါက်ခြင်း၊ အပင်ပေါက်သော်လည်း ကောင်းစွာကြီးထွားမှုမရှိခြင်း (သို့မဟုတ်) အပင်သေခြင်းများ ဖြစ်နိုင်သည်။

ပဲတီစိမ်းစိုက်ထားသည့် အကွက်ထဲတွင် ရေမဝပ်စေရန် ရေထုတ်မြောင်း ကောင်းစွာဖော်ထားပြီး အနီးအနားရှိ အကွက် (သို့မဟုတ်) ရေမြောင်း စသည်တို့မှ မိမိအကွက်ထဲသို့ ရေဝင်မလာစေရန်လည်း အတားအဆီး ပြုလုပ်ထားရမည်။

 

စိုက်ပျိုးခြင်း

ရာသီချိန်တွင် စိုက်ပျိုးသည့်အခါ တန်းကြား ခပ်စိပ်စိပ် စိုက်ပါက ပဲတီစိမ်းအပင် ကြီးထွားလာသည့်အခါ နေရောင်ကောင်းစွာ မရရှိဘဲ လေဝင်လေထွက်လည်း မကောင်းသဖြင့် ပင်စည်နှင့် အကိုင်းအခက် ကြီးထွားမှု အရေအတွက် လျော့နည်းသောကြောင့် သင့်တော်သော တန်းကြား အကွာအဝေးထား၍ စိုက်ပျိုးရမည်။

စိုက်ပျိုးရာတွင် မျိုးစေ့အတိမ်အနက်ကို (၂) လက်မအထက်ကျော်လွန်၍ စိုက်ပါက အပင်ပေါက် နောက်ကျခြင်း (သို့မဟုတ်) အပင်မပေါက်ခြင်း များဖြစ်ပြီး ခြောက်သွေ့သည့် မြေတွင် (၁) လက်မအောက် အလွန်တိမ်စွာ စိုက်ပါက အစိုဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် အပင်မပေါက်သဖြင့် အစိုဓာတ် အနေအထားအလိုက် သင့်တင့်သည့်အနက်ဖြင့် စိုက်ပျိုးရမည်။

ရာသီချိန်တွင် စိုက်ပါက တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မ ထား၍ စိုက်ပါ။

စပါးရိတ်သိမ်းအပြီး နောက်ကျမှ စိုက်ပျိုးပါက တန်းကြား (၁၅) လက်မ၊ အပင်ကြား (၄) လက်မဖြင့် စိုက်ပါ။

စိုက်ရမည့် မျိုးစေ့အတိမ်အနက်မှာ မြေအစိုဓာတ်ရှိသည့် အနေအထားတွင် (၁~၁.၅) လက်မ၊ အစိုဓာတ် လုံလောက်စွာ မရှိသည့် မြေတွင်မူ (၁.၅~၂) လက်မအနက်ဖြင့် တစ်ကျင်းလျှင် (၂~၃) စေ့စီ စိုက်ပါ။

စိုက်ပြီးနောက် အပင်ပေါက်ရန်မှာ (၂-၇) ရက်ခန့် ကြာပြီး၊ အပင်မ‌ပေါက်သည့် နေရာများတွင် ထပ်မံ၍ မျိုးစေ့ချ ဖာထေး စိုက်ပျိုးရမည်။

 

ပေါင်းမြက် နှိမ်နင်းခြင်း

ကနဦး အစောပိုင်းကာလတွင် ကောင်းစွာ ပေါင်းမြက်နှိမ်နင်းနိုင်ရန် အရေးကြီးသည်။

ပေါင်းမြက်များသည် မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များအား စုပ်ယူသည့်အတွက် စိုက်ပျိုးသီးနှံများ ကောင်းစွာ ကြီးထွားနိုင်ခြင်းမရှိဘဲ လေဝင်လေထွက်နှင့် နေရောင်ရရှိမှုကိုလည်း တားဆီးသည့်အတွက် အထွက်နှုန်း လျော့နည်းစေပါသည်။

ပဲတီစိမ်း စိုက်ပျိုးမည့် မြေတွင် ပေါက်လေ့ရှိသည့် ပေါင်းမြက်အမျိုးအစားများနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေး အား ရွေးချယ် ဝယ်ယူ၍ ကြိုတင် ဖျန်းထားပါ။

မျိုးစေ့ချ စိုက်ပျိုးပြီး (၂) ရက်အတွင်း (အညှောင့်ထွက်မလာမီအချိန်) ကနဦးပေါင်းသတ်ဆေး (pre-emergence herbicide) ဖျန်းထားပါ။

ပေါင်းသတ်ဆေး အသုံးမပြုပါက ပဲတီစိမ်းပင်တွင် မူလအရွက် (၃~၄) ရွက် ထွက်သည့်အချိန် ပေါင်းမြက်များ သေးငယ်သည့်ကာလတွင် နွားဖြင့် ထယ်ရေးကြောင်းတိုက်ခြင်း၊ ဘောင်တင်စက်ဖြင့် ဘောင်တင်ပေးခြင်း အားဖြင့် ပေါင်းမြက်များအား ရှင်းလင်းပါ။

 

ရောဂါပိုးမွှား နှိမ်နင်းခြင်း

ကြိုတင်ကာကွယ်သည့် နည်းလမ်းအဖြစ် ပိုးမွှားရောဂါခံနိုင်ရည်ရှိသည့် မျိုးအား ‌ရွေးချယ်စိုက်ပျိုးပါ။

ပိုးမွှားရောဂါ စတင်ကျရောက်ချိန် (သို့မဟုတ်) မကျရောက်မီ ကြိုတင်၍ ဆေးဖျန်းထားခြင်းဖြင့် ကာကွယ်ရန် အရေးကြီးပါသည်။

ဆေးဖျန်းရာတွင်လည်း ကျရောက်နေသည့် ပိုးမွှားရောဂါနှင့် ကိုက်ညီသည့် ဆေး ဟုတ်/မဟုတ်ကို သေချာစွာ စစ်ဆေးပြီး မိမိတို့ စိုက်ပျိုးထားသည့် သီးနှံ၊ ကျရောက်သည့် ပိုးမွှားရောဂါနှင့် ကိုက်ညီသည့် ဆေးကိုသာ အသုံးပြုပါ။

မျိုးစေ့များကို မစိုက်ပျိုးမီ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့ဖြင့် ပိုးသတ်ပြီးမှသာ စိုက်ပျိုးပါ။

မိမိတို့ ‌ဒေသတွင်အဖြစ်များသည့် ရောဂါအမျိုးအစားအား စုံစမ်း၍ မဖြစ်ပွားမီ ကြိုတင်ဆေးဖျန်းပါ။

ပိုးမွှားများသည် အပင်ငယ်စဉ်အရွယ်မှ စတင်ကျရောက်သည့်အတွက် အပင်ပေါက်ပြီးချိန်မှစ၍ မရိတ်သိမ်းမီ အချိန်အထိ (၅) ရက်မှ (၇) ရက် ကြာလျှင် တစ်ကြိမ်နှုန်းဖြင့် တားဆီးနှိမ်နင်းပါ။

ဆေးဖျန်းရာတွင် ဆေးတစ်မျိုးတည်းကိုသာ ဆက်တိုက် အသုံးပြုပါက အကျိုးထိရောက်မှု လျော့နည်းလာသည့် အတွက် မတူညီသည့် ဆေး (၂~၃) မျိုးကို အလဲအလှယ်ပြုလုပ်၍ အသုံးပြုသွားရန်နှင့် ဆေးဖျန်းရာ တွင်လည်း တစ်ခင်းလုံး နှံ့စပ်အောင် ဖျန်းပေးပါ။

 

ရာသီချိန်တွင် ရိတ်သိမ်းခြင်း

ပဲတီစိမ်းသည် အခြားပဲများနှင့် မတူသည့်အတွက် အကြိမ်ကြိမ် ဆွတ်ခူးခြင်း မပြုလုပ်ဘဲ တစ်ကြိမ်တည်းသာ ဆွတ်ခူးပါက သီးတောင့်အားလုံးတွင် အစေ့မတည်ခြင်း၊ အရည်အသွေးလျော့ကျခြင်း စသည့်ပြဿနာများ ရှိပါသည်။

စိုက်ပျိုးချိန်နှင့် စိုက်ပျိုးသည့်မျိုးအပေါ်လိုက်၍ (၁~၂) ကြိမ်ဆွတ်ခူးရခြင်း၊ (၂~၃) ကြိမ် ဆွတ်ခူးရခြင်းစသည့် အခက်အခဲများ ရှိပါသည်။

လက်ဖြင့် အကြိမ်ကြိမ် ဆွတ်ခူးရသည့် အခြေအနေတွင် လုပ်အားခစရိတ် အများအပြား ကုန်ကျပြီး ဧရိယာ ကျယ်ကျယ် စိုက်ပျိုးပါက လူအင်အား အများအပြား လိုအပ်ပါသည်။

ပဲတီစိမ်းဆွတ်ခူးရန် အကောင်းဆုံးအချိန်မှာ သီးတောင့်များ (၉၀) ရာခိုင်နှုန်း အထက် အနက်ရောင် ပြောင်းသည့် အချိန် ဖြစ်သည်။

ရေဆင်း-၁၁ မျိုးကို ရာသီချိန်တွင် စိုက်သည့်အခါ သီးတောင့်များ စတင်ရင့်မှည့်ချိန်မှစ၍ (၂၀) ရက်ခြားလျှင် တစ်ကြိမ်နှုန်းဖြင့် (၂) ကြိမ် ဆွတ်ခူးရန်နှင့် စပါးရိတ်သိမ်းအပြီး နောက်ကျမှ စိုက်သည့်အခါမျိုးတွင် သီးတောင့် အားလုံး ရင့်မှည့်ပြီးချိန်တွင် (၁) ကြိမ်သာ ဆွတ်ခူးရန် ဖြစ်သည်။

ရေဆင်း-၁၄ မျိုးကို ရာသီချိန်တွင် စိုက်သည့်အခါ သီးတောင့်များ စတင် ရင့်မှည့်ချိန်မှစ၍ (၁၅) ရက်ခြား လျှင် တစ်ကြိမ်နှုန်းဖြင့် (၃) ကြိမ် ခူးဆွတ်ရန်နှင့် စပါးရိတ်သိမ်းအပြီး နောက်ကျမှ စိုက်သည့်အခါမျိုးတွင် သီးတောင့်များ စတင်ရင့်မှည့်ချိန်မှစ၍ (၂၀) ရက် ခြားလျှင် တစ်ကြိမ်နှုန်း ဖြင့် (၂) ကြိမ် ခူးဆွတ်ရန် ဖြစ်သည်။

 

အခြောက်လှမ်းခြင်းနှင့် သိုလှောင်ခြင်း

ခြောက်သွေ့ရာသီချိန်ဖြစ်ပါက ခြွေလှေ့ပြီးနောက် နေပူထဲတွင် ဖြန့်၍ လှန်းခြင်းဖြင့် ခြောက်သွေ့လွယ်သော်လည်း မိုးရာသီအချိန်တွင် ရိတ်သိမ်းဖြစ်ပါက အခြောက်ခံစက် (သို့မဟုတ်) မိုးမပက်စေသည့် အသုံးအဆောင်များအား အသုံးပြု၍ အစိုဓာတ် ပါဝင်မှုအား လျော့ချရန် အရေးကြီးသည်။

ပဲတီစိမ်းသည် သိုလှောင်ထားချိန်တွင် ပိုးထိုးလွယ်သဖြင့် အအေးခန်း (သို့မဟုတ်) ပလပ်စတစ်အိတ် အကြည်များ ဖြင့် ထုတ်ပိုးပြီးမှ သိုလှောင် သိမ်းဆည်းပါ။

ရိတ်သိမ်းခြွေလှေ့ပြီး‌သည့် မျိုးစေ့များအား အစိုဓာတ်ပါဝင်မှု (၁၄) ရာခိုင်နှုန်း‌အောက် ဖြစ်အောင်သေချာစွာ အခြောက်လှန်းပြီးမှ သိုလှောင်ပါ။

ခြွေလှေ့ပြီး‌မျိုးစေ့များအား သန့်စင်ပြီးနောက် ပိုးထိုးထားသည့် မျိုးစေ့များ၊ အက်ကွဲနေသည့် မျိုးစေ့များအား ရွေးထုတ်ပြီးမှ သိမ်းဆည်းပါ။