ပဲမျိုးစုံသီးနှံသုတေသနဌာနစုကွင်း၌သုတေသနဆောင်ရွက်နေမှုများအား လူငယ်သုတေသီများလေ့လာခြင်း
Plant Doctor Program မှ လူငယ်စိုက်ပျိုးရေးသုတေသီများသည် ယာသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံ သီးနှံသုတေသနဌာနစုကွင်းတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများကို ၂၀၂၂ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။
သွားရောက်လေ့လာခဲ့ရာတွင် လက်ရှိဆောင်ရွက်နေသော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲလွမ်း စသည့် ပဲမျိုးစုံသီးနှံ သုတေသနလုပ်ငန်းများ နှင့် ဆက်စပ်၍ လည်းကောင်း၊ သုတေသနလုပ်ငန်း ၏ရည်ရွယ်ချက်များအား လည်းကောင်း၊ မျိုးကူးစပ် ခြင်းလုပ်ငန်း၊ သားဆက်အဆင့်ဆင့်ရွေးချယ်ခြင်း လုပ်ငန်းများနှင့် ဆက်စပ်၍လည်းကောင်း၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ကုလားပဲသီးနှံများ၏ စိုက်ပျိုး နည်းများ၊ သီးနှံကာကွယ် ရေးနည်းစနစ်များ နှင့်ဆက်စပ်၍လည်းကောင်း၊ ထုတ်ဝေပြီးမျိုးများ၏ ထူးခြားသည့် လက္ခဏာများ၊ အပင်ဇီဝကမ္မ ဗေဒဆိုင်ရာ မှတ်တမ်းကောက်ယူရမည့်အချက်များနှင့် မှတ်တမ်းကောက်ယူရမည့် နည်းလမ်းများအား လည်းကောင်း ဌာနစုတာဝန်ခံနှင့် ဝန်ထမ်းများမှ လက်တွေ့ပြသ ရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပဲမျိုးစုံသီးနှံ သုတေသန၏ ရည်ရွယ်ချက် များ၊ ပဲသီးနှံများအလိုက် ရေမြေရာသီဥတုကွဲပြားခြားနား၍ ဒေသအသီးသီးနှင့် သင့်တော်သော အထွက်ကောင်း ပဲ မျိုးများ၊ စျေးကွက်နှင့် ကိုက်ညီသော မျိုးများ၊ ရောဂါ နှင့် ပိုးမွှားကျရောက်မှုဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးများ ရှာဖွေဖော်ထုတ်ရာတွင် မျိုးကူးစပ်ခြင်း၊ သားဆက်အဆင့်ဆင့်ရွေးချယ်ခြင်း၊ ပဏာမအဆင့်လေ့လာခြင်း၊ ပဏာမ အထွက်ယှဉ်ပြိုင်ခြင်း၊ အဆင့်မြင့်အထွက်ယှဉ်ပြိုင်ခြင်း၊ ဒေသအဆင့် အထွက်ယှဉ်ပြိုင်ခြင်း၊ သရုပ်ပြစိုက်ပျိုး ယှဉ်ပြိုင်ခြင်း၊ တောင်သူအဆင့်အထွက်ယှဉ်ပြိုင်ခြင်း၊ နည်းပညာအဆင့် မျိုးစေ့ကော်မတီနှင့် အမျိုးသားအဆင့် မျိုးစေ့ကော်မတီသို့ တင်သွင်းခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်းအဆင့်များကို ရှင်းလင်းပြောကြားခဲ့သည်။ ပဲတီစိမ်းနှင့် မတ်ပဲတို့၏ ကွာခြားသည့် လက္ခဏာများ၊ မှတ်တမ်းကောက်ယူရာတွင် အသုံးပြုမှီငြမ်းသင့်သည့် လမ်းညွှန်ချက်များ၊ အထွက်နှုန်း တွက်ချက်ပုံများကို စာတွေ့ အနေဖြင့် သင်ကြား ပို့ချပေးခဲ့ ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။