စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

‘ပဲတီစိမ်း သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း’ တောင်သူ နည်းပညာ ဆွေးနွေးပွဲ ကျင်းပခြင်း

5
4
3
1
2
5 4 3 1 2

၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၃)ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ စုဝေးခန်းမတွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပမြဲဖြစ်သည့် (၂၂) ကြိမ်မြောက် တောင်သူ နည်းပညာ ဆွေးနွေးပွဲအား “ပဲတီစိမ်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရာတွင် တောင်သူများက အဓိကကျပါကြောင်း၊

အလားတူပင် သုတေသနကဏ္ဍကလည်း အရေးပါလှပါကြောင်း၊သို့ မှသာ တောင်သူများကြုံတွေ့ရသည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့်ပတ်သက်သည့် ပြဿနာ၊

အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့သုတေသနပြုဖော်ထုတ်ရရှိလာသည့် ရလာဒ်ကောင်းများကို တောင်သူ များ လက်ဝယ်ရောက်ရှိရေးနှင့် အမှန်တကယ် လက်တွေ့အသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေးပညာပေး ရေးသည် လည်း လွန်စွာမှ အရေးပါလှပါကြောင်း၊

သုတေသန၊ တောင်သူ နှင့် စိုက်ပျိုးရေးပညာပေးရေးတို့သည် ဟန်ချက်ညီညီ တွဲလက်ညီညီဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

ထို့အပြင် မိမိတို့ ၏စိုက်ပျိုးရေးကဏ္ဍတွင် ပတ်သက်ဆက်နွယ်နေသည့် ဆည်မြောင်း ရေအသုံး ချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာန ၊ အသေးစား ချေးငွေလုပ်ငန်းစသည့် အဖွဲ့အစည်းများ သည်လည်း လွန်စွာမှ အရေးကြီးသလို ဈေးကွက် ၊ဈေးနှုန်း ၊ရာသီဉတု ဆိုင်ရာသတင်းအချက်အလက် များသည်လည်း အရေးပါပါကြောင်း ၊

ယခုတောင်သူနည်းပညာ‌ဆွေးနွေးပွဲမှ အထူးမှတ်သားသွားရမည့်အချက် ၃ချက်မှာ ‌ ပထမအချက်အနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးစနစ်မှ စိုက်ပျိုးရေး ကိုစီးပွားဖြစ် စိုက်ပျိုးသော စနစ်သို့ ပြောင်းလဲ ဆောင်ရွက် သွားရန် ဆိုသည့်အချက်အားလည်းကောင်း၊ဒုတိယ အချက်အနေဖြင့် မိမိတို့ တောင်သူများအနေဖြင့် လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်ရသည့် အဓိက အကြောင်းရင်းများဖြစ်သည့် မိမိကိုယ်ကိုအားကိုးခြင်း၊ ဇွဲလုံ့လရှိခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည့် လိုက်နာကျင့်သုံးသင့်သည့် အချက်များ အားလည်းကောင်း၊ တတိယအချက်ဖြစ်သည့် တောင်သူများအချင်းချင်း မိမိတို့သိရှိသည်များအား ပြန်လည်မျှဝေပေးရန်ဆိုသည့် အချက်အားလည်း အထူးမှတ်သားသွားရမည်ဖြစ်ကြာင်း၊

ယခု (၂၂)ကြိမ်မြောက် တောင်သူနည်း ပညာ ဆွေးနွေးပွဲတွင် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း ခေါင်းစဉ်အား ဆွေးနွေးမည်ဖြစ်ရာ တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံ အတွက် မျိုး၊စိုက်နည်းစနစ်၊ မျိုးစေ့ထုတ်လုပ်ခြင်း နှင့် စပ်လျဉ်းသည့် မျိုးစေ့အဆင့်အတန်းများ၊ အခြားသိမှတ် ဖွယ်ရာများကို နားလည် သဘောပေါက်ကာ ပြန်လည်အသုံးချသွားနိုင်မည်ဖြစ်ပါကြောင်း၊

မျိုးစေ့ထုတ် အဖွဲ့အစည်းများသည်လည်း တောင်သူများအတွက် မျိုးသန့်ရရှိရန်၊ နိုင်ငံတကာဈေးကွက်သို့ ပို့နိုင်ရန်အတွက် များစွာ အထောက် အကူပြုပါကြောင်း၊တောင်သူများတစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်နိုင်ရန်လိုအပ်ပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့်သင်တန်းများပေးသွားနိုင်ပါကြောင်း၊

ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် မိမိတို့ လက်ခံထားသည့် အသိနှင့် မတူသည်များ၊ မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးပေးရန်နှင့် မိမိသိရှိ လာသည်များကိုလည်း အချင်းချင်း ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးမှ ပဲတီစိမ်းသီးနှံသည် မြန်မာပြည်အောက်ပိုင်း၊ အလယ်ပိုင်းဒေသများတွင်လည်း ဒေသအနှံ့စိုက်ပျိုးသည့် အရေးပါသည့်သီးနှံ ဖြစ်ပါကြောင်း၊

ဆောင်းရာသီတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် အဓိက စိုက်ပျိုး၍ မိုးရာသီ တွင်မြန်မာနိုင်ငံ အထက်ပိုင်းတွင်စိုက်ပျိုးကြပါကြောင်း၊ ပဲတီစိမ်းသည် ဈေးကွက်ကောင်းခြင်းကြောင့် စိုက်ဧကတိုးတက် လာလျှက်ရှိပါကြောင်း၊ ပဲတီစိမ်းအထွက်တိုးရန်အတွက် မျိုးကောင်းမျိုးသန့် မျိုးရွေးချယ်မှုသည် အဓိက အရေးကြီးပါကြောင်း ၊

မြန်မာနိုင်ငံတွင် ပဲတီစိမ်းစိုက်ဧက မှာ -၂၀၂၂ ခုနှစ် ပဲတီစိမ်းစိုက်ဧကအနေဖြင့် ( ၂.၉၆ သန်း ) ဧကခန့်ရှိသောကြောင့် ဧကအားလုံးမျိုးကောင်းမျိုးသန့် စိုက်ပျိုး နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ခြင်းကို (၃၀၀၀၀) ဧကခန့် ထုတ်ရန် လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါသောကြောင့် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ မျိုးစေ့ထုတ်ခြံများတွင် လုံလောက်စွာ ထုတ်လုပ်နိုင်မှု မရှိသောကြောင့် တောင်သူများ ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ “ပဲတီစိမ်း သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း“ ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနမှူး ဒေါက်တာမာမာဝင်းမှ ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း

တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံမှ သုတေသနမှူး ဦးသာထွန်းမှ တောင်သူများ ပူးပေါင်းဆောင်ရွက်သော ပဲတီစိမ်းသီးနှံ မျိုးစေ့ထုတ်လုပ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့် နှင့် တာဝန်ရှိသူအသီးသီးမှ တောင်သူများ သိသင့်သည်များ အား ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး တောင်သူများသိလိုသည်များအားလည်း ပြန်လည် ဆွေးနွေးပေးခဲ့ ကြပါသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် ပညာရှင်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ပု‌ပ္ပသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်တို့မှ တောင်သူ(၇၂)ဦး၊ စုစုပေါင်း (၁၀၂)ဦးတက်ရောက်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။