စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်းဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံနှင့် သီးထပ်သီးနှံတိုးချဲ့စိုက်ပျိုးရေးအကောင်အထည်ဖော်

1
4
6
5
2
3
1 4 6 5 2 3

ပဲခူးတိုင်းဒေသကြီး၏ စပါးအပြီးဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ရှင်းလင်းဆောင်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သနပ်ပင် မြို့နယ်၊ ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်တို့မှ တောင်သူ ၉၃ ဦးနှင့် လယ်ယာအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပဲခူးတိုင်းဒေသကြီး၏ ဆောင်းဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးဧရိယာများအားလုံး အောင်မြင်ဖြစ်ထွန်းရေး အတွက် မြေဆီလွှာအာဟာရဆိုင်ရာစီမံခန့်ခွဲရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး လုပ်ငန်းများ၊ အပင်ရောဂါပိုးမွှားကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ဌာနနှင့် တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဧရိယာရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ ဒေသနှင့်သင့်တော်သည့် သီးနှံပုံစံ ရွေးချယ်၍ စပါးအပြီး နှစ်သီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်ပျိုးရန် လိုအပ်သည့်ရေပမာဏအတိုင်း စနစ်တကျသုံးစွဲ၍ ရေချိုအရင်းအမြစ်များ လေလွင့် ပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသနှင့်သင့် လျော်သည့် စပါး၊ ငါးမွေးမြူသည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်အသုံးပြုရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသီများက ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးတင် ပြကြပြီး မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်း၊ ပြောင်းဖူးစသည့်သီးနှံစုံကို အကန့်လိုက်စိုက်ပျိုးနည်း (Strip Cropping) နည်း စနစ်နှင့် မြေဆွေးပြုလုပ်နည်း ဗီဒီယိုများကို နည်းပညာပေးပြသခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့နယ် ကမာစဲကျေးရွာ မွေးမြူရေးတောင်သူ ဦးဇော်လင်းအောင်၏ ဥစားဘဲမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာ၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဒေသဆိုင်ရာ လက်တွေ့လက်လှမ်းမီ သုတေသနများ ဆောင်ရွက်ရာတွင် တောင်သူများ၏ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များအပြင် ငါးသယံဇာတတိုးပွားရေးနှင့် ဒေသ၏ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် နေကြာသီးနှံ စိုက်ပျိုးထုတ် လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ နည်းပညာရပ်များကို သုတေသီတစ်ဦးက ဆွေးနွေးတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးသည်။