စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပထမအကြိမ် တောင်သူပညာပေးဆွေးနွေးပွဲ (Farmers’ Forum) ကျင်းပခြင်း

1
6
2
5
4
3
7
8
1 6 2 5 4 3 7 8

တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Farmers’ Forum) ကို နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမား ရုပ်သံဌာန၌ မတ်ပဲသီးနှံ အပင်အသေအပျောက်များခြင်း ပြဿနာ ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်များ ဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင် ပညာရှင်များနှင့် ဒဏ္ခိဏသီရိမြို့နယ်မှတောင်သူများတက်ရောက် ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူများ၏ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရန်အတွက် အသွင်ကူးပြောင်းမှုဆန်ဆန်ဖြင့် အပတ်စဉ် စနေနေ့တိုင်း နည်းပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် တောင်သူများ မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်နိုင်၍ သီးနှံများ အရည်အသွေးကောင်းပြီး အထွက်နှုန်း တိုးမည်ဖြစ်ကြောင်း၊ နည်းပညာအခက်အခဲများဖြစ်သည့် ရောဂါကာကွယ် နှိမ်နင်းနည်း များ၊ ဓာတုဆေးများဖြစ်သည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး မှန်ကန်စွာအသုံးပြုနိုင်ရေစသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးစနစ်များစွာရှိသည့်အနက် တောင်သူများအတွက် အကျိုးရှိ သေချာသည့် နည်းစနစ်များကို မျှဝေပေးရန်ကျင်းပခြင်းဖြစ်ကြောင်း၊ နည်းပညာလိုအပ်ချက်များနှင့် ပတ်သက်၍ တက်‌ရောက်လာကြသည့် တောင်သူများမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် လိုကြောင်း၊ တောင်သူရုပ်သံဌာနမှ ဆွေးနွေးပွဲရလဒ်များကို မှတ်တမ်းပြုစု၍ ပြန်လည်တင်ပြရန်လိုကြောင်း၊ နယ်စပ်ဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် တောင်သူများအတွက် နည်းပညာပေး အဆောက်အဦးများ ဆောက်လုပ်ပေးရန် ရှိကြောင်း၊ မိမိတို့တာဝန်ယူသည့် ကာလမှစတင်၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲ (Farmer’s Forum) ကို ရေရှည်တည်တံ့အောင်ပြုလုပ်ကြရန်လိုကြောင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရာသီဥတုအခြေအနေအရ လက်ရှိဆည်ရေ ဝင်ရောက်မှု လျော့နည်းလာသည့်အတွက် ရေပေးဝေမှုနည်းပါး လာကြောင်း၊ ရေရရှိရေး နည်းလမ်းပေါင်းစုံကို ဌာနနှင့် တောင်သူများဝိုင်းဝန်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကိုထိထိရောက်ရောက် သုံးစွဲနိုင်ရေး ရေအလေအလွင့်မဖြစ်စေရေး၊ ရေချွေတာ နိုင်ရေးအတွက် ကောင်းမွန်သည့် ရေပေးဝေစနစ်ကို ကျင့်သုံးကြရန်လိုကြောင်း၊ ရေနဲနဲနှင့် စိုက်ပျိုးနိုင်သည့် သီးနှံများပြောင်းလဲ စိုက်ပျိုး၍ ရေကိုလျော့ချသုံးစွဲကြရန်လိုကြောင်း၊ ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်းပေးထားပြီးဖြစ်၍ ဌာနနှင့် တောင်သူများ ပူးပေါင်း၍ လက်တွေ့ဆန်ဆန် ညီညွှတ်စွာ နီးနီးကပ်ကပ် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ရေအလေအလွင့် နည်းပါးလာမည်ဖြစ်ကြောင်း၊ နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များကို အသုံးပြုခြင်းဖြင့် လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု မြင့်မားလာမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန က အပင်ရောဂါသုတေသနဌာနစုမှ တာဝန်ရှိသူက မတ်ပဲသီးနှံ အပင်အသေအပျောက်များခြင်း ပြဿနာ ဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်များ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြီး တက်ရောက်လာကြသောတောင်သူများမှ မတ်ပဲစိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကိုတင်ပြဆွေးနွေးကြသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က တောင်သူများတက်ရောက်ရာတွင် တောင်သူအစုအဖွဲ့ခေါင်းဆောင်များ နှင့် အုပ်ချုပ် ရေးဆိုင်ရာတာဝန်ရှိသူများ အဓိကတက်ရောက်၍ တောင်သူအချင်းချင်း တစ်ဆင့်မျှ‌ဝေ၍ ဖြန့်‌ဝေပေးရန်ပြောကြားသည်။တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးများက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။