နွေစပါးအဖြစ် စိုက်ပျိုးနိုင်သည့် ရေဆင်းပေါ်ဆန်း စပါးမျိုးသစ်များ
နွေစပါးအဖြစ် စိုက်ပျိုးနိုင်သည့် ရေဆင်းပေါ်ဆန်း စပါးမျိုးသစ်များ
မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော ပေါ်ဆန်းစပါးမျိုးကွဲများသည် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိသည့်အပြင် အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများ အပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိကြပါသည်။ အလင်းရောင် တုန့်ပြန်မှုရှိသည့် ပေါ်ဆန်းမျိုးများကို ပေါ်ဆန်းကြီး၊ အလင်းရောင် တုန့်ပြန်မှု အသင့်အတင့်သာရှိသော ပေါ်ဆန်းမျိုးများကို ပေါ်ဆန်းရင် ဟူ၍ အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ခဲ့ကြပါသည်။ ထို့အပြင် ပေါ်ဆန်းစပါးမျိုးများကို ဆန်ဈေးကွက်နှင့် စိုက်ပျိုးသည့်ဒေသကို အစွဲပြု၍လည်း အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါသည်။
ရာသီလိုက်သည့် ပေါ်ဆန်းကြီးအုပ်စုဝင်မျိုးများတွင် ပန်းပွင့်သည့်ရက်ပေါ်မူတည်၍ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်နှင့် စတုတ္ထပတ် စသည့် ပန်းပွင့်သည့်ရက်ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားခြားနားကြပါသည်။ ထို့အပြင် ပေါ်ဆန်းရင်စပါးသည် ပေါ်ဆန်းမွှေး နှင့် ပေါ်ဆန်းဘေးကြား စပါးများမပေါ်မီ ရိတ်သိမ်းနိုင်ခြင်း၊ ပေါ်ဆန်းမွှေးနှင့် ပေါ်ဆန်းဘေးကြား ဆန်ပြတ်လပ်ချိန်တွင် စပါးထွက်ရှိခြင်းတို့ကြောင့် တောင်သူများ လက်ခံစိုက်ပျိုးလာခဲ့ပါသည်။ သို့သော် ပေါ်ဆန်းရင်စပါးသည် နေ့တာတုန့်ပြန်မှု အသင့်အတင့်ရှိ၍ ရာသီအစောပိုင်း (ဇန်နဝါရီလကဲ့သို့ နေ့တာတိုသည့်ကာလ)တွင် စိုက်ပျိုးပါက သက်တမ်းတို၍ ပန်းပွင့်လာသော်လည်း အစေ့အဆန် အောင်မြင်မှု နည်းပါးကြောင်း တွေ့ရှိရပါသည်။
ပေါ်ဆန်းမွှေးစပါးသည် မြန်မာနိုင်ငံတွင် အရည်အသွေးနှင့် တန်ဖိုးအမြင့်ဆုံး စပါးမျိုးဖြစ်ပြီး ဈေးကွက်တွင်ထိပ်ဆုံးမှ ရပ်တည်လျှက်ရှိသော်လည်း သက်ကြီးစပါးမျိုးဖြစ်သဖြင့် စိုက်ပျိုးချိန် ကြာမြင့်ခြင်း၊ တစ်နှစ်လျှင် တစ်သီးသာစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်း သင့်တင့်ရုံသာရရှိခြင်း၊ လင်းတာတုန့်ပြန်သည့်မျိုးဖြစ်ခြင်း စသည့် အားနည်းချက်များကို တွေ့ရှိရပါသည်။
ထိုသို့ ပေါ်ဆန်းမွှေးစပါးမျိုး၏ အားနည်းချက်များကို ကျော်လွှားနိုင်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ “ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရေး ကဏ္ဍအား မြှင့်တင်ခြင်း” စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်း၏ရလဒ်အဖြစ် စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ရာသီမရွေး စိုက်ပျိုးနိုင်သည့် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ ဟူ၍ ပေါ်ဆန်းမွှေး စပါးမျိုးသစ် (၂) မျိုးကို အောင်မြင်စွာ ရွေးချယ်မွေးမြူနိုင်ခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသော ရေဆင်းပေါ်ဆန်း စပါးမျိုးသစ်များသည် ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း (နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနိုင်ခြင်း)၊ အထွက်ကောင်း စပါးမျိုး အပင်ပုံစံရှိခြင်း၊ မိဘမျိုး ပေါ်ဆန်းမွှေးထက် သီးလုံးနှင့် သီးကိုင်းအရေအတွက်များခြင်း၊ အနှံစရှည်ခြင်း၊ ပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေး ကောင်းမွန်ခြင်း၊ အနံ့မွှေးခြင်းစသည့် လက္ခဏာများကြောင့် ယခုအခါ တောင်သူများသည် အရည်အသွေးကောင်း သက်တမ်းစပါးအဖြစ် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးများကို နိုင်ငံအနှံ့အပြားတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာကြပြီဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်။