စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဒီဇင်ဘာလအတွက် လူငယ်စိုက်ပျိုးရေးသုတေသီများ၏ ဗဟုသုတမျှဝေခြင်း အစီအစဉ် ကျင်းပခြင်း

4
2
5
1
3
4 2 5 1 3

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း)ရှိ နဝရတ်ခန်းမတွင် ဒီဇင်ဘာလအတွက် လူငယ်စိုက်ပျိုးရေး သုတေသီများ၏ ဗဟုသုတမျှဝေခြင်း အစီအစဉ်အား ၂၀၂၃ခုနှစ် ဒီဇင်ဘာ (၁၇)ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဗဟုသုတမျှဝေခြင်း “Knowledge Sharing’’ အစီအစဉ်ကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ လူငယ်သုတေသီများအား ဗဟုသုတကြွယ်ဝစေရန်အတွက် လူငယ်စိုက်ပျိုးရေး သုတေသီများအသင်းမှ လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဗဟုသုတမျှဝေခြင်း “Knowledge Sharing’’ အစီအစဉ်သို့ စိုက်ပျိုးရေး သုတေသနဦး စီးဌာနညွှန်ကြားရေးမှူးချုပ် ၊ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်းမှ အသင်းဝင်များနှင့် ဦးဆောင်ဆွေးနွေးပေးမည့် ပညာရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ဦးကျော်မြိုင်မှရေရှည်တည်တံ့သော စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု ရာသီဥတု ပြောင်းလဲမှုနှင့် စပါးခင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု (Climate Change and Greenhouse Gas Emission from Rice Fields)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာစန္ဒာမိုးမှ ရေရှည် တည်တံ့သော စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာစံချိန်၊စံညွှန်းများ (Sustainable Rice Platform, SRP)ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ လူငယ် သုတေသီများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ ပညာရှင်များ၏ တင်ပြ ဆွေးနွေး မှုများအပေါ် ဖြည့်ဆွက်ဆွေးနွေးပေးခဲ့ရာ ရာသီဥတုပြောင်းလဲမှုများ၊ စိုက်ပျိုးနည်း စနစ် များကြောင့် ဖန်လုံအိမ် ထုတ်လုပ်မှုများသည် စိုက်ပျိုးရေးကဏ္ဍမှ၁၈.၄% အထိ ထုတ်လွှတ် လျက်ရှိကြောင်း၊ စပါးစိုက်ပျိုးခြင်းကြောင့် မီသိန်းဓာတ်ငွေ့သည် ၁၀%အထိ ရှိလာပြီ ဖြစ်သည့် အတွက် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းမှ မီသိန်း ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့ချ နိုင်ရန်အတွက် ရေထိန်းနည်းစနစ်များ၊ စိုက်ပျိုးသည့်စပါးမျိုးနှင့် မြေဆီဩဇာ စီမံခန့်ခွဲမှုများ၏အပြင် ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းပြီးအထွက်ကောင်းသော စပါးမျိုး “Green Super Rice’’ မျိုး ကို မျိုးမွေးမြူရေး၊ အာဟာရနှင့်ရေသုတေသန၊ပိုးမွှားရောဂါသုတေသနများကို ပြုလုပ် ဆောင်ရွက် နေကြသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊

ယခုအခါကမ္ဘာပေါ်တွင် SRP နည်းစနစ်ဖြင့်စိုက်ပျိုး ထုတ်လုပ်ထားသော စပါးမျိုးများ၊ ဆန်များ သည် ကျန်းမာရေးရှုထောင့်မှကြည့်ရှု၍ လူများစားသုံးလာကြခြင်းကြောင့် ဈေးကောင်းရလျက် ရှိပါကြောင်း၊ထို့ကြောင့် လူငယ်များအနေဖြင့် SRPနှင့် ဆက်စပ်သည့် သုတေသနများအား စနစ်တကျ အစီအစဉ်များရေးဆွဲ၍ ဆောင်ရွက်စေလိုကြောင်း၊ လူငယ် သုတေ သီ များဖြစ်သည့် အတွက် သုတေသန လုပ်ငန်းများကို ဆန်းသစ်တီထွင် မှုရှိအောင် ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ မိမိတို့ဘက်မှလည်း ဗဟုသုတများ ကောင်းစွာဖြည့် တင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။