တောင်သူများဝင်ငွေတိုးဖို့ ပြည်တွင်းစပ်မျိုးပြောင်းမျိုးများတိုးချဲ့စိုက်ကြစို့
ကမ္ဘာပေါ်တွင် လူနှင့်တိရစ္ဆာန်များ စားသုံးရန်အတွက် နှံစားသီးနှံအဖြစ် ဂျုံ၊ ဆန်စပါးနှင့် ပြောင်းဖူးကို အဓိက စိုက်ပျိုးထုတ်လုပ်ကြသည်။ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက် ဖြစ်သော တိရစ္ဆာန်စာလိုအပ်ချက် ဖြည့်တင်းရန်၊ ဆန်အစား ပြောင်းဖူးအဓိကထားသော ဒေသများသို့ ဖြည့်တင်းပေးရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့၍ နိုင်ငံခြား၀င်ငွေရရှိရန် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းဖူးသည် အရေးကြီးသီးနှံများအနက် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် တွေ့ရှိရပြီး မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ၊ မကွေးတိုင်း ဒေသကြီးများနှင့် ကယား၊ ချင်း၊ ကရင် ပြည်နယ်တို့တွင် တွင်ကျယ်စွာ စိုက်ပျိုး ထုတ်လုပ်လျှက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းဖူးစိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်သူ အခေါ် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း ဟူ၍ နှစ်မျိုး ခွဲခြားထားပါသည်။ အစေ့ထုတ်ပြောင်း ကို အစေ့နှင့် ပြောင်းဖူးဖက်အတွက် အဓိက စိုက်ပျိုးပြီး ဖူးစားပြောင်းကို ဟင်းသီးဟင်းရွက် အဖြစ် ကြော်စား၊ ပြုတ်စားခြင်း၊ ဟင်းချိုပြုလုပ်ခြင်း စသည့် နည်းများဖြင့် စားသောက်ဖွယ်ရာ ပြုလုပ်၍ စားသုံးကြသည်။ သို့သော် မိုးခေါင်ရေရှားရပ်ဝန်းရှိ အချို့သော မြို့နယ်ကျေးရွာများ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့၌ ပြောင်းဖူးစေ့ကို ထမင်းအဖြစ် ချက်စားကြ သည်။ ဖူးစားပြောင်းအဖြစ် စိုက်ပျိုးသော မျိုးအုပ်စုများမှာ ကော်ပျော့ပြောင်း၊ ပြောင်းစေးနှင့် သကြားပြောင်းတို့ ဖြစ်ကြ သည်။
ယခုအခါ လူနေမှုစနစ်နှင့် သမမျှတသော စားသောက်မှုပုံစံတို့ ပြောင်းလဲလာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ အတွင်း အစေ့ထုတ်ပြောင်းလိုအပ်ချက်ကို ဖြည့်တင်းပေးရန်၊ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်နေသဖြင့် အစေ့ထုတ်ပြောင်း ထုတ်လုပ်မှု မြင့်တက်လာစေရန် လိုအပ်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ပြောင်းဖူးသီးနှံကို အမျိုးမျိုးအသုံးပြုကြသည်။ ပြောင်းဖူးပင်၏ မြိတ်ဆာကို ဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် လည်းကောင်း၊ ပြောင်းဖူးအူတိုင်ကို ပလပ်စတစ်အစားထိုး လက်ကိုင် ဖုန်းများအဖြစ် လည်းကောင်း၊ ပြောင်းစေးမှ အရည်အသွေးကောင်းကော်၊ ပြောင်းစေ့မှ ပြောင်းဖူးဆီ၊ ပြောင်းဖူး ပင်စည်မှ ဇီဝလောင်စာဆီ (Bio-ethanol) အထိ တိုးတက် ထုတ်လုပ်နေပြီ ဖြစ်သောကြောင့် စက်မှုထုတ်ကုန်များ မြန်မာနိုင်ငံတွင် တိုးတက် ထုတ်လုပ်လာနိုင်ပါက နိုင်ငံအတွင်း အစေ့ထုတ်ပြောင်း လိုအပ်ချက်မြင့်မားလာမည်ဖြစ်ပြီး ပိုလျှံသည် များကိုလည်း ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသော သီးနှံဖြစ်သည်။
ပြောင်းဖူးသီးနှံ ကြိုက်နှစ်သက်သောရာသီဉတုအခြေအနေ
ပြောင်းဖူးသီးနှံကို နှစ်စဉ် မိုးရေချိန် ၃၅ – ၄၅ လက်မ အတွင်း ရွာသွန်းပြီး၊ အပူချိန် ၇၅°F နှင့် ၈၅°F တွင် အောင်မြင်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ပူအေး ချိန် ၁၀°C (၅၀°F) အောက်တွင် မြေချစိုက်က အစေ့ အပင်ပေါက်နိုင်စွမ်း မရှိပါ။ ၄၀°C အထက်တွင် အပင်ကြီးထွားမှုရပ်တန့် သွားတတ်ပါသည်။ ပြောင်းဖူးသီးနှံကို ရေရနိုင်လျှင် တစ်နှစ်ပါတ်လုံး စိုက်ပျိုးနိုင်ပြီး ရေလိုအပ် ချိန်တွင် အပင်ခြေ ရေမဝပ်စေဘဲ ရေသွင်းပေးရပါမည်။ အရေးကြီးသည်မှာ ပြောင်းပင် သက်တမ်း တစ်လျှောက်လုံးတွင် မိုးရေချိန် ၂၂လက်မ (သို့) မိုးရေချိန် ၂၂လက်မ နှင့် ညီမျှသော အစိုဓါတ် သည် အကောင်းဆုံး အပင်ဖြစ်ထွန်းမှုကို ပေးနိုင်ပါသည်။ စိုက်ပျိုးသင့်သော မြေအမျိုးအစား အနေဖြင့် မြေဆီသြဇာထက်သန်၍ အစိုဓါတ် ထိန်းသိမ်းနိုင်ပြီး ရေသွင်းရေထုတ် လွယ်ကူသော မြေများသည် ပြောင်းဖူး စိုက်ရန် အသင့် တော်ဆုံး ဖြစ်ပါသည်။ မြေချဉ်ငံဓါတ် ၅.၃ မှ ၇.၃ ထိ စိုက်ပျိုးနိုင်ပါသည်။ ၅.၆ အောက်တွင် အပင် ဖြစ်ထွန်းမှု ညံ့ဖျင်းပြီး ၄.၀ အောက်တွင်
အပင်ဖြစ်ထွန်းနိုင်စွမ်း လုံး၀မရှိပါ။ အသင့်တော်ဆုံး မြေချဉ်ငံဓါတ်မှာ ၆ – ၇ ဖြစ်ပါသည်။ ဆားငံဒဏ်ကို လုံးဝ ခံနိုင်ရည် မရှိသဖြင့်မြေချဉ်ငံဓါတ် မြင့်သော မြေများတွင် အပင်ကြီးထွားမှု နှေးကွေးတုန့်ဆိုင်းပြီး အထွက်နှုန်းကို ကျဆင်းစေပါသည်။ ပြောင်းဖူး စိုက်ပျိုးရန် အကောင်းဆုံး မြေမှာ နှုန်းမြေ၊ သဲနှုန်းမြေနှင့် စနယ်မြေတို့ ဖြစ်ပါသည်။ သဲအလွန်ဆန်ပြီး ခြောက်သွေ့ လွယ်သော မြေများနှင့် စေးလွန်းပြီး ရေဝပ်လွယ်သော မြေများ၊ ရေထုတ်ရန် ခက်ခဲသော မြေများနှင့် ကျောက်စရစ် ကုန်းမြေများသည် စိုက်ပျိုးရန် မသင့်တော်သော မြေများ ဖြစ်ပါသည်။
ပြောင်းဖူးစိုက်ပျိုးနည်းစနစ်
ပြောင်းဖူး စိုက်ပျိုးချိန်တွင် အပင်ပေါက် ကောင်းမွန်စေရန်နှင့် မြေတွင်းအစိုဓါတ် လုံလောက်စွာ ထိန်းသိမ်းထားနိုင်ရန် မိုးကြိုထယ်ရေးပြုလုပ်ပြီး ပေါင်းမြက်များကို ဖယ်ရှားပါ။ မိုးဦးကျ၍ အစိုဓါတ် လုံလောက်စွာ ရရှိသည့်အခါ ထယ်ရေး နက်နက်ရရှိအောင် ထွန်ယက်ပြီး ပေါင်းမြက်နှင့် အမှိုက်များ ကောက်ပေးရပါမည်။ ဒုတိယ အကြိမ် ထယ်တစ်စပ် ထပ်မံထိုးပြီး နောက် ထွန်ရေးညက်အောင် ထွန်ယက်ပြီး ရေမဝပ်စေရန် ထယ်ရေးပြင်ကို ညီညာစွာညှိရပါ သည်။ စိုက်ကြောင်းဆွဲသည့်အခါ အတိမ် အနက် မညီလျှင် အပင်ပေါက် ညံ့ဖျင်းတတ်သဖြင့် မြေအနက် ၂ – ၄ လက်မ အတိမ်အနက် ညီညာအောင် စိုက်ကြောင်းဆွဲပြီး ၂-၂.၅လက်မ အနက်တွင် မျိုးစေ့ထားပြီး မျိုးစေ့လုံအောင် ဖုံးပေးပါက အပင်ပေါက် ကောင်းမွန်ပါသည်။ မျိုးစေ့ချသည့် အခါ မိုးရာသီတွင် ၂.၅ လက်မ အနက်ချ၍ ဆောင်းရာသီတွင် ၂-၂.၅ လက်မ ချ၍ ကြမ်းတုံးဖြင့် ဖုံးပေးရပါမည်။
မြေသြဇာအနေဖြင့် နွားချေး (သို့) သစ်ဆွေးမြေသြဇာကို တစ်ဧက ၃တန်နှုန်း မြေမပြုပြင်မီ ကြိုတင်၍ ထည့်သွင်းပေးရပါမည်။ ပြောင်းဖူး တစ်ဧက အထွက်နှုန်း မြင့်မား စေရန် ဓါတ်မြေသြဇာကို စိုက်ချိန်တွင် မြေခံအဖြစ် ယူရီးယား ၁၁၂ပေါင်၊ တီစူပါ ၁၁၂ပေါင်၊ ပိုတက်ရှ် ၅၆ပေါင်၊ စိုက်ပျိုးပြီး ၁၅-၂၀ ရက်သားတွင် ယူရီးယား ၅၆ပေါင်နှုန်း နှင့် ၃၀-၄၀ရက်သား ဘောင်တင်ချိန်တွင် ယူရီးယား ၅၆ပေါင်နှုန်း ထည့်သွင်း ပေးရပါမည်။ ယူရီးယား (ပုလဲ)ဓါတ် မြေသြဇာသည် ပြောင်းအထွက်တိုးရန် အဓိက အရေးကြီးပါသည်။ ပုလဲ ဓါတ်မြေသြဇာ ထည့်ချိန်တွင် အစိုဓါတ်အလုံအလောက်ရှိရန် လိုအပ်ပြီး မျိုးစေ့နှင့်လည်းကောင်း၊ အပင်နှင့်လည်းကောင်း မထိစေရန် သတိပြုရပါမည်။တီစူပါနှင့် ပိုတက်ရှ် မြေသြဇာကို မစိုက်မီ စိုက်ကြောင်းအတွင်း တစ်ကြိမ်တည်း ထည့်သွင်းပေးရပါမည်။ ပိုတက်ရှ်မြေသြဇာကို ယူရီးယား မြေသြဇာနှင့်အလားတူ ထည့်သွင်းပေးခြင်းဖြင့် သဲဆန်သောမြေများတွင် ပို၍ အကျိုးသက် ရောက်စေပါသည်။ ဂျစ်ပဆန် (ခေါ်) ကျောက်မှုန့် မြေသြဇာတွင် ကန့်ဓါတ် ပါရှိသဖြင့် သဲဆန်သောမြေများ၊ သဘာဝ မြေသြဇာအသုံးနည်းသော မြေများ၊ ယခင်နှစ်က ပုလဲမြေသြဇာ များများ သုံးစွဲသော မြေများတွင် သုံးစွဲရန် လိုအပ်ပါသည်။ ထိုမြေမျိုးတွင်စိုက်ချိန်၌ ဂျစ်ပဆန် မြေသြဇာ ပေါင် (၁၀၀)ကို ကြဲပက်ထွန်မွှေ ထည့်ပေးရပါသည်။ ခြောက်သွေ့လွန်းလျှင် လည်းကောင်း စိုလွန်းလျှင်လည်းကောင်း မထည့်ရန်နှင့် မြေသြဇာထည့်ပြီးလျှင် အငွေ့ပျံဆုံးရှုံး လွယ်သဖြင့် မြေတွင်းသို့ အမြန်ဆုံးရောက်အောင် ဆောင်ရွက်ရပါသည်။ ကြားထွန်၀င်ခြင်းကို သားမခွဲမီ တစ်ကြိမ်၊ သားခွဲပြီး မြေသြဇာထည့်ချိန်တွင် တစ်ကြိမ် နှင့် ၃၅-၄၀ ရက်သားတွင် မြေသြဇာထည့် ဘောင်တင်ရန် ဖြစ်ပါသည်။
သတိပြုရန်အချက်များ
ပြောင်းဖူးပင် အပင်ပေါက်သည်မှ တစ်လသားအတွင်း ကြီးထွားမှု လွန်စွာ နှေးကွေး သဖြင့်ပေါင်းမြက် များနှင့် ယှဉ်ပြိုင် ကြီးထွားနိုင်စွမ်းမရှိပါ။ အထွက် အကောင်းဆုံး ရရှိရန် အပင်ပေါက်သည်မှ တစ်လသားအတွင်း ပေါင်းမြက်များ ကင်းစင်စေရပါမည်။ ပြောင်းဖူး သည် အလင်းရောင် တုန့်ပြန်မှု မရှိသဖြင့် အစိုဓါတ် ရရှိပါက မည်သည့် ရာသီ၌မဆို စိုက်ပျိုး နိုင်သော်လည်း ပြောင်းဖူးစိုက်တောင်သူအများစုသည် မိုးရာသီနှင့် ဆောင်းရာသီ တို့၌သာ အဓိက စိုက်ပျိုး ကြသည်။ ပြောင်းဖူး၏ ပျှမ်းမျှသက်တမ်းမှာ (၁၁၀-၁၂၀) အတွင်းရှိ၍ မိုးရာသီ ပြောင်းဖူးစိုက်သောဒေသများ၌ စိုက်ပျိုး သင့်သော အချိန်ကာလမှာ မေလ (၁၅)ရက်မှ ဇွန်လ (၁၅)ရက်အထိ စိုက်ပျိုးနိုင်ပြီး၊ စက်တင်ဘာလ မှ အောက်တိုဘာလ (၁၅)ရက်တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆောင်းရာသီ ပြောင်းဖူးစိုက်သော ဒေသများ၌ စိုက်ပျိုးသင့်သော အချိန်ကာလမှာ အောက်တိုဘာလ မှ နိုဝင်ဘာလ အထိဖြစ်ပြီး၊ ဖေဖော်ဝါရီလ နှင့် မတ်လ များတွင် ရိတ်သိမ်းနိုင်ပါသည်။
စိန်ခေါ်မှုများ
ယခုအခါ မြန်မာနိုင်ငံ အစေ့ထုတ်ပြောင်း စိုက်ပျိုးဧရိယာ၏ (၈၀%) ကျော်မှာ စပ်မျိုး မျိုးစေ့များကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနသည် တောင်သူများ အတွက် လိုအပ်သော မျိုးစေ့များ ဖြန့်ဖြူး ပေးနိုင်ရန်အတွက် စပ်မျိုးမျိုးစေ့ ထုတ်လုပ်၍ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ သို့ရာတွင် ပြောင်းစိုက် တောင်သူ အများစုမှာ နိုင်ငံခြားကုမ္ပဏီများက ရောင်းချသော ထွက်နှုန်းမြင့် စပ်မျိုးမျိုးစေ့များကို အသုံးပြု ကြပါသည်။ ဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ထုတ် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် အားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ သုတေသနပြု ရရှိလာသော စပ်မျိုးသစ်များကို ပုဂ္ဂလိက တောင်သူ၊ အစိုးရဌာနများ ပူးပေါင်း၍ တိုးတက်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း စပ်မျိုးမျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ပြောင်းစိုက်တောင်သူများ အတွက် နှစ်စဉ် ပြောင်းမျိုးစေ့ တန် ၅၀၀၀ မှ ၆၀၀၀ အထိ လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းသီးနှံကို အဓိကအားဖြင့် မိုးရာသီ၌ အမြောက်အမြား စိုက်ပျိုးလေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှု ရှိတက်သဖြင့် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့ တွင် မှိုရောဂါများ ကျရောက်ဖျက်ဆီးတက်လေ့ ရှိပါသည်။ ထို့အပြင် ရိတ်သိမ်းပြီး အခြောက် ခံရန်အတွက် အခက်အခဲရှိခြင်း၊ အခြောက်ခံချိန်တွင် အစိုဓါတ်နှင့် အပူချိန် မြင့်မားသဖြင့် မှိုရောဂါများကျရောက်ပြီး လူ၊ တိရစ္ဆာန်များအတွက် အန္တရာယ် ဖြစ်စေသော aflatoxin အဆိပ်များ ပြောင်းစေ့များတွင် ပါရှိတတ်ပြီး၊ အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ် ကြောင့် အစေ့များမည်းပြီး အရည်အသွေးကျဆင်းသဖြင့် ဝယ်ယူလိုမှု လျော့နည်းမည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပ စျေးကွက်လိုအပ်ချက် တိုးတက်များပြားလာခြင်းကြောင့် မြန်မာနိုင်ငံ တွင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာ စေရန်အတွက် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်သကဲ့သို့ ရိတ်သိမ်းပြီး လုပ်ငန်းစဉ်များတွင်လည်း လေလွင့်ဆုံးရှုံးမှုများ လျော့ပါးစေရန် ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ ချွေလှေ့သန့်စင်ခြင်းနှင့် သိုလှောင်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လျက် ရှိနေပါသည်။ မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှု လုပ်ငန်း၏ လက်ရှိ အခြေအနေအားဖြင့် ပြည်ပမှ စပ်မျိုးမျိုးစေ့ များနှင့် ဓါတ်မြေသြဇာ၊ ပေါင်းသတ်ဆေးများ ဝယ်ယူတင်သွင်း စိုက်ပျိုးနေရခြင်း၊ အခြေခံ သွင်းအားစုများ၏ စျေးနှုန်းမှာ တောင်သူအများစုအတွက် စျေးနှုန်း ကြီးမြင့်သဖြင့် လိုအပ် သလောက် ထိရောက်စွာ အသုံးမပြုနိုင်ခြင်း၊ ဓါတ်မြေသြဇာ ထည့်သွင်းမှုနှင့် စိုက်ပျိုးပြုစုမှု နည်းစနစ်များ မမှန်ကန်ခြင်း၊ ပြောင်းစေ့စျေးနှုန်းနှင့် စျေးကွက်တည်ငြိမ်မှု မရှိခြင်း၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် ကာလတွင် စနစ်တကျ စီမံဆောင်ရွက်နိုင်မှု အားနည်းခြင်း ကြောင့် လေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ စျေးကွက်တင် ရောင်းချမည့် သီးနှံထွက်ကုန် ပစ္စည်းများ၏ အရည်အသွေးသည် စျေးကွက် ၏ သတ်မှတ်ထားသော စံချိန်စံညွှန်း မပြည့်မီခြင်း စသည့် ပြဿနာ အခက်အခဲများ ကြုံတွေ့လျက်ရှိပါသည်။
လက်ရှိဆောင်ရွက်လျက်ရှိသော မျိူးမွေးမြူရွေးချယ်ရေးနည်းလမ်းများ
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စပ်မျိုးပြောင်းမျိုးသစ်များ ရရှိရန် ၁၉၇၄ ခုနှစ် မှ ၁၉၈၆ခုနှစ် အထိ ပြည်ပနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့အစည်း များမှ ဗီဇမျိုးသန့် မိဘမျိုးလိုင်း (Inbred Line) များ မှာယူတင်သွင်းရန် စပ်မျိုးပြောင်းဖူးများ စမ်းသပ် ထုတ်လုပ်ခဲ့ရာ အဆိုပါ ဗီဇမျိုးသန့် မိဘလိုင်း (Inbred Line) များသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုမရှိသဖြင့် မအောင်မြင်ခဲ့ပါ။ ၁၉၈၆ခုနှစ်မှ စတင်၍ ဗီဇမျိုးသန့် မိဘလိုင်းများရရှိရန် ပြည်တွင်း၌ စတင်မျိုးကူးစပ်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။ စပ်မျိုးပြောင်းဖူး သုတေသနလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရသော လုပ်ငန်း တစ်ခု ဖြစ်ပြီး စပ်မျိုးမျိုးသစ် တစ်ခုရရန် အနည်းဆုံး ၈ နှစ်မှ ၁၂ နှစ်အထိ ဆောင်ရွက်ရပါသည်။
၁၉၉၀ခုနှစ်မှစ၍ ပြည်တွင်း၌ မွေးမြူရရှိ၍ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် စပ်မျိုး (Commercial Hybrid) ကို ပထမဦးဆုံး အောင်မြင်စွာ သုတေသနပြု ထုတ်ဝေ နိုင်ခဲ့ပါသည်။ သီးနှံထုတ်လုပ်မှု မြင့်မားလာစေရန် စပ်မျိုးသီးနှံများ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီး လှပါသည်။ သို့ဖြစ်ပါ၍ စပ်မျိုးပြောင်းဖူး သုတေသနလုပ်ငန်းကို စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် ရေရှည်စီမံချက်များ ချမှတ်၍ ၁၉၇၄-၇၅ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး စပ်မျိုးပြောင်း (၉)မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်ဝေထားသော မျိုးများအနက် သင့်တော်သော မျိုးများကို ရွေးချယ် စိုက်ပျိုး သင့်ပါသည်။ ယခုအခါ ထုတ်ဝေခဲ့သော စပ်မျိုး (၇)မျိုး အနက်မှ ရေဆင်းစပ်မျိုး-၁၀၊ ရေဆင်းစပ်မျိုး-၁၁ တို့ကို တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် စပ်မျိုးမျိုးစေ့တို့ကို စိုက်ပျိုး ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ရေဆင်းစပ်မျိုး(၁၀) သည် အသက်ရက် ၁၀၀-၁၁၀ ရက်ရှိပြီး၊ တစ်ဧကလျှင် ၁၂၀-၁၂၅ တင်းထွက်ရှိ၍ ပြောင်းစေ့ အဖူးထိပ်ထိပြည့်သည့် အူတိုင်သေးမျိုးဖြစ်ပါသည်။ မြေပြန့်တောင်ပေါ် ၂မျိုးစလုံးအတွက် အသုံးပြုသင့်ပါသည်။ (ရေဆင်းစပ်မျိုး-၁၁) သည် အသက်ရက် ၁၀၅-၁၁၅ ရက်ရှိပြီး၊ တစ်ဧကလျှင် ၁၁၅-၁၂၅ တင်းထွက်ရှိ၍အစေ့ထွက် ရာနှုန်းကောင်း သည့် လိမ္မော်ရောင် ထိပ်ခုံး အစေ့မျိုး ဖြစ်ပါသည်။ တောင်ပေါ်ဒေသ အတွက် ရေဆင်းစပ်မျိုး (၁၁)မျိုးကို အသုံးပြုသင့်ပါသည်။
စပ်မျိုးပြောင်းဖူးမျိုးများ မျိုးကူးစပ် မွေးမြူရွေးချယ်သည့် လုပ်ငန်းစဉ် များအဖြစ် ဗီဇ မျိုးသန့်လိုင်းများ၏ ဗီဇကွဲလွဲမှုကို ပင်ပိုင်းဆိုင်ရာလက္ခဏာများ မှတ်တမ်းကောက်ယူ၍ စိစစ် ခြင်း၊ ဒေသဖြစ်ထွန်းမှုနှင့် အထွေထွေပေါင်းစပ်စွမ်းရည်သိရှိရန် အစမ်းစပ်စပ်မျိုးများ မျိုးကူးစပ် ရွေးချယ်ခြင်းများ ဆောင်ရွက်ပြီး ရရှိလာသော အစမ်းစပ် စပ်မျိုးများကို စမ်းသပ်ဒေသအသီးသီး တွင် အထွက်ယှဉ်ပြိုင်ခြင်း၊ အထွေထွေပေါင်းစပ် စွမ်းရည်ကောင်းသော ဗီဇမျိုးသန့်လိုင်းများ အား သီးသန့်ပေါင်းစပ်စွမ်းရည် သိရှိရန် ပတ်လည် မျိုးကူးစပ်ခြင်း နည်းကို အသုံးပြု၍ ဆောင်ရွက်ပြီး ရရှိလာသော အစမ်းစပ် စပ်မျိုးများကို စမ်းသပ်ဒေသအသီးသီးတွင် အထွက် ယှဉ်ပြိုင်ခြင်းဆောင်ရွက်ပါသည်။ ထို့နောက် နှိုင်းယှဉ်စံထားမျိုးများထက် သာလွန်သော လက်ရွေးစင် အစမ်းစပ် စပ်မျိုးများကို ရွေးချယ်၍ ထပ်မံမျိုးစပ်ပြီး ဒေသအဆင့် အထွက်ယှဉ် ပြိုင်ခြင်း တောင်သူများ သိရှိအောင် သရုပ်ပြ စိုက်ပျိုးခြင်း များ အဆင့်ဆင့် ဆောင်ရွက်ပြီး ဒေသအလိုက် ဖြစ်ထွန်းမှု ကောင်းမွန်၍ အထွက်ကောင်း၊ အရည်အသွေးကောင်း မျိုးသစ်များ အား အမျိုးသားမျိုးစေ့ ကော်မတီတွင် မှတ်ပုံတင်ပြီး တောင်သူများ စီးပွားဖြစ်စိုက်ပျိုးရန် စပ်မျိုး မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပါ သည်။
မျိုးကူးစပ် မွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်းတွင် ခေတ်မီ ဇီဝနည်းပညာများ (Biotechnology) နည်းပညာများကို အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် ပြောင်းသီးနှံ တွင် DNA ထုတ်ယူပြီး Simple Sequence Repeat (SSR) Molecular Markers များဖြင့် ဗီဇကွဲလွဲမှု စိစစ်ခြင်း သုတေသနများဆောင်ရွက်၍ အထွက်နှုန်းမြင့်မားသည့်စပ်မျိုးပြောင်းသစ် များ ထုတ်လုပ်သည့် သုတေသနလုပ်ငန်းတွင် မိဘလိုင်းများအဖြစ် အသုံးပြုရန်ရှာဖွေခြင်းသုတေသန လုပ်ငန်းကို ၂၀၁၆ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ဖြစ်ပါသည်။ ထို့ပြင် လက်ရှိ စိုက်ပျိုးနေသော စပ်မျိုးများထက် ပိုမိုကောင်းမွန်သော စပ်မျိုးများရရှိရန်အတွက် ဗီဇ သဘောအရနှင့် ရုပ်သွင်ပြင်အရ သွေးဝေးပြီး၊ လိုလားအပ်သော လက္ခဏာပါသည့် မိဘ(၈)မျိုးကို အသုံးပြု၍မျိုးကူးစပ်ထားသည့် Development of 8-Ways Recombinant Inbred Line စီမံကိန်းကိုလည်း ၂၀၁၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော စပ်မျိုးပြောင်း သုတေသနလုပ်ငန်းများကို အဓိက ဆောင်ရွက်လျှက်ရှိပြီး ထုတ်ဝေပြီး စပ်မျိုးပြောင်းဖူး မျိုးများ၏ မိဘလိုင်းများအား အရည်အသွေး မကျဆင်းစေရန် မျိုးသန့် ထိန်းသိမ်းခြင်း သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန