စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

တရုတ်ပြည်မြောက်ပိုင်း ကုန်းမြင့်လွင်ပြင်တွင် မြေဖုံးစိုက်ပျိုးခြင်းအားဖြင့် မြေအစိုဓါတ်၊ အမြစ်ဖွဲ့စည်းပုံနှင့် ပြောင်းဖူးသီးနှံအထွက်နှုန်းတို့ မြင့်မားလာစေခြင်း

IMG_7548
IMG_7539
IMG_7551
IMG_7543
IMG_7548 IMG_7539 IMG_7551 IMG_7543

၂၀၂၂ ခုနှစ် ဇူလိုင်လ (၄) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသန စာတမ်းအား အသိပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “တရုတ်ပြည်မြောက်ပိုင်း ကုန်းမြင့်လွင်ပြင်တွင် မြေဖုံးစိုက်ပျိုးခြင်းအားဖြင့် မြေအစိုဓါတ်၊ အမြစ်ဖွဲ့စည်းပုံနှင့် ပြောင်းဖူးသီးနှံအထွက်နှုန်းတို့ မြင့်မားလာစေခြင်း”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူး များ၊ ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ ဌာနစုတာဝန်ခံများ၊ သုတေသီ ပညာရှင်များ တက် ရောက် ခဲ့ကြပါ သည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ဖြစ်သည့် ဒေါက်တာမြင့်သီတာမှ အပင်၏ အမြစ်ဇုံ တစ် လျှောက်ရှိ အမြစ်ဖွဲ့စည်းပုံများနှင့် မြေဆီလွှာအစိုဓါတ် အခြေအနေများ ဆက်စပ်နေမှုနှင့် သက်ဆိုင်ရာ အသိပညာ များသည် သီးနှံစိုက်ပျိုး နည်းပညာ များ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အလွန် အရေးကြီး ပါကြောင်း၊ မြေဖုံး စိုက်ပျိုး ခြင်းသည် သီးနှံပင် အထွက်တိုးရန် အတွက် မြေဆီလွှာ အစိုဓါတ် ထိန်းထားနိုင်မှုနှင့် သီးနှံပင် အမြစ်မှ ရေစုပ် ယူမှုကို ပိုမိုကောင်းမွန် စေပါ ကြောင်းစသည့် သူမ၏သုတေသန ဆောင်ရွက် ရသည့် အကြောင်းရင်းများအား တင်ပြ ဆွေးနွေး ခဲ့ပါသည်။

အထက်ဖော်ပြပါအကြောင်းအရင်းများကိုအခြေခံကာ စာတမ်းရှင်သည် သူမ၏ သုတေသန ကို တရုတ်ပြည် မြောက်ပိုင်း မိုးနည်းရပ်ဝန်းဒေသရှိ မိုးရေကိုသာ အသုံးပြုစိုက်ပျိုးနိုင်သော အရှေ့ပိုင်း ကုန်းပြင်မြင့် ဒေသ၌ စမ်းသပ်ချက်(၅)မျိုးဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြောင်းဖူးသီးနှံ အား စမ်းသပ်ချက်များ ဖြစ်သည့် (၁) စိုက်ပျိုးမြေ မျက်နှာပြင်၏ ဘောင်ပေါ် (စိုက်ပျိုးမြေ မျက်နှာပြင်၏ ၆၀%) တွင်သာ ပလတ် စတစ် ဖုံးအုပ်စိုက်ပျိုးခြင်း (RF)၊ (၂) စိုက်ပျိုးမြေ မျက်နှာ ပြင်တွင် ပလပ်စတစ် အပြည့်ဖုံးအုပ်စိုက်ပျိုးခြင်း (FPM)၊ (၃) စိုက်ပျိုးမြေမျက်နှာပြင်တွင် ပြောင်းဖူးရိုးအပြည့် ဖုံးအုပ် စိုက်ပျိုးခြင်း (SM)၊ (၄) စိုက်ပျိုး မြေမျက်နှာပြင်၏ ၆၀ % အား ပလတ်စတစ်ဖုံးအုပ်စိုက်ပျိုးခြင်း (PPM) စသည့်မြေဖုံးစနစ် (၄) မျိုးအား (၅) သမားရိုးကျ မြေမဖုံးဘဲစိုက်ပျိုးခြင်း (non-mulch-CK) စသည်တို့အားနှိုင်းယှဉ် ၍တရုတ်ပြည် မြောက်ပိုင်းရှိ ကုန်းမြင့်လွင်ပြင် ဒေသ အရှေ့ပိုင်းတွင် ၂၀၁၈ နှင့် ၂၀၁၉ စိုက်ပျိုးရာသီနှစ်ရာသီ၌ စမ်းသပ် စိုက်ပျိုး ဆောင်ရွက်ခဲ့ပါကြောင်း တို့ကို တင်ပြခဲ့သည်။

စာတမ်းရှင်၏ သုတေသနတွေ့ရှိချက်များအနေဖြင့် စမ်းသပ်ချက်များ၏ စုစုပေါင်းအမြစ် အခြောက် အလေးချိန်နှင့် ပြောင်းဖူးစေ့အထွက်များ သည် မိုးရွာသွန်းမှုနည်းပါးသော ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်အောက် လျော့နည်းနေသည်ကို တွေ့ရပါကြောင်း၊ သို့ရာတွင် မြေဖုံး စမ်းသပ် ချက်များအားလုံး၏ ထိပ်ပိုင်း (၃၀) စင်တီမီတာ အနက်တွင်ရှိသော အမြစ်ကြီးထွား မှုများသည် စမ်းသပ်ခဲ့သည့် စိုက်ပျိုးရာသီ နှစ်ခုစလုံးတွင် သမရိုးကျစိုက်ပျိုးနည်းစနစ်ထက် သာလွန်နေ သောကြောင့် အထွက်နှုန်းတွင် လည်း သာလွန်နေသည်ကိုတွေ့ရပါကြောင်း၊

မြေဖုံးစိုက်ပျိုးနည်း စနစ်များအနက် FPM ၏ (၀-၃၀) စင်တီမီတာအနက်ရှိ မြေအစိုဓါတ် တွင် အခြားစမ်းသပ် ချက်များနှင့် နှိုင်းယှဉ်ပါက အကောင်းဆုံး ဖြစ်နေ သောကြောင့် ၂၀၁၈ ခုနှစ်တွင် သီးနှံ သက်တမ်း တလျောက်နှင့် ၂၀၁၉ ခုနှစ်တွင် စိုက်ပြီး ၄၅ ရက်သား အထိ ၎င်း၏ အမြစ်ဖွဲ့စည်း မှုမှာ အကောင်းဆုံးအဖြစ်တွေ့ရှိရပါကြောင်း၊ သို့ရာတွင် အစေ့တည်ချိန်၌ ရေနှင့်အစာ အာဟာရ များအား အမြစ်ကြီးထွားမှုထက် အပင်ကြီးထွားမှုနှင့် မျိုးစေ့ကြီးထွားမှု အတွက်ပိုမို အသုံးပြုရသော ကြောင့် ၃၀-၁၀၀ စင်တီမီတာအနက်ရှိ အမြစ် ခြောက်အလေးချိန်တွင် အခြားမြေဖုံး စနစ်များထက် လျော့နည်းနေသည်ကို တွေ့ရပါ ကောင်း၊ ထို့ကြောင့် သီးနှံ အထွက်နှင့် အစေ့အဆံတည်ချိန် ၃၀ စင်တီမီတာအနက်အောက်ရှိ အမြစ် အလေးချိန်တို့သည် ပြောင်းပြန်အချိုးကျနေသည်ကို တွေ့ရပါကြောင်း၊

နှစ်နှစ်ပျမ်းမျှတွေ့ရှိ ချက်အရ FPM ရှိ မြေအစိုဓါတ်သည် RF, SM, PPM နှင့် CK တို့ထက် ၈.၄ %၊ ၀.၆ %၊ ၈.၈ % နှင့် ၁၁.၁ % အသီးသီးသာလွန်နေပြီး အထွက်နှုန်းတွင်လည်း ၁၁၁၆၃ ကီလိုဂရမ်/ဟတ်တာ ထွက်ရှိကာ RF, SM, PPM နှင့် CK တို့ထက် ၉၇၉၊ ၂၁၅၂၊ ၁၈၁၅ နှင့် ၂၅၀၅ ကီလိုဂရမ်/ဟတ်တာ အသီးသီးပိုမို ထွက်ရှိနေကြောင်းတွေ့ရပါကြောင်းနှင့် FPM သည် မြေဆီလွှာရေငွေ့ပျံခြင်းကို လျှော့ချ ပေးနိုင်ပြီး မြေဆီလွှာအစိုဓါတ်၊ ပင်ငွေ့ပျံနှုန်းနှင့် အမြစ်ဖွဲ့ စည်းပုံတို့တွင် အခြားစမ်းသပ်ချက် များထက် သာလွန်ကောင်းမွန်သောကြောင့် ပြောင်းဖူး အထွက်နှင့် အသားတင်အမြတ်ရရှိမှုတို့ တွင်သာလွန် နေခြင်းဖြစ်ပါကြောင်း ၊ထို့ကြောင့် FPM သည် မိုးရေသောက်ဒေသများတွင် မြေဆီလွှာမှ ရေထိန်းနိုင်မှုနှင့် အမြစ်မှ ရေနှင့် အစာအာဟာရဓါတ်များစုပ်ယူမှုကို ပိုမိုကောင်းမွန် စေပြီး သီးနှံ အထွက်တိုးရန်အတွက် တောင် သူ အကျိုးပြုစေသော စိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်ပါကြောင်းတို့ကို စာတမ်းရှင်မှ အသိပေး မျှဝေခဲ့ပါသည်။

စာတမ်းရှင်မှ ယခုအခါတွင်ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပေါ်နေသည့် မိုးခေါင်ပြီး ရေငတ်ဒဏ်ခံရ ခြင်းသည် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကပြဿနာ တစ်ခုဖြစ်နေပါ သောကြောင့် သူမ ယခုရှာဖွေ တွေ့ရှိခဲ့သော မြေဖုံးစိုက်ပျိုးနည်းစနစ်သည် ရေအစိုဓါတ် ကိုထိန်းထားနိုင်ရုံ သာမက ပေါင်းမြက် ပေါက်ရောက်မှုကိုပါလျှော့ချပေးနိုင်ပြီး သီးနှံပင်မှ ရေနှင့် အစာအာဟာရစားသုံးမှုကို တိုးမြှင့် ပေးနိုင်၍ အထွက်နှုန်းကိုတိုးစေပြီး အကျိုး အမြတ် အများဆုံးပေးနိုင်သည့် စိုက်ပျိုးနည်း စနစ်တစ်ခုဖြစ်သောကြောင့် ဖြည့်စွက် ရေသွင်း ရန်ခက်ခဲသည့် မိုးရေသောက်ဒေသများတွင် အသုံးပြုနိုင်သော အလွန်တန်ဖိုးရှိသည့် သုတေသ နေတွေ့ရှိချက်ဖြစ်ပါကြောင်း အကြံပြုတင်ပြခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် သုတေသ နပညာရှင် များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလို သည်များအား မေးမြန်း ဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန