တရုတ်နိုင်ငံ Guangxi Academy of Agricultural Sciences (GXAAS) ၏ အထောက်အပံ့ဖြင့် တရုတ်-မြန်မာ စပါးအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးစင်တာ“Sino (Guangxi) – Myanmar Rice Quality Improvement Center” ထူထောင်ရန်နှင့် သုတေသနလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ နဝရတ်အစည်းအဝေးခန်းမတွင် တရုတ်နိုင်ငံ Guangxi Academy of Agricultural Sciences (GXAAS) ၏ အထောက်အပံ့ဖြင့် တရုတ်မြန်မာ စပါးအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးစင်တာ“Sino (Guangxi) – Myanmar Rice Quality Improvement Center” ထူထောင်ရန်နှင့် သုတေသနလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှပညာရှင် (၇ ဦး) တို့ တက်ရောက်ခဲ့ကြပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ တင်ပြဆွေးနွေးရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတူတကွပူးပေါင်းဆောင်ရွက်ရေးအတွက် များစွာကြိုဆိုပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် တရုတ်-မြန်မာ စပါးအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးစင်တာ [Sino (Guangxi) – Myanmar Rice Quality Improvement Center] ထူထောင်ရန် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ memorandum of understanding (MOU) အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆက်လက်၍လည်း အဆိုပါ တရုတ်-မြန်မာ စပါးအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားရန် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံဖြိုးရေးလုပ်ငန်းများအပြင် သီးနှံများတွင် ရောဂါနှင့်ပိုးမွှားကာကွယ်ရေး သုတေသနများ၊ ပန်းမာန်နှင့် သစ်သီးဝလံသုတေသန လုပ်ငန်းများ၊ ပြောင်းသီးနှံ၊ ယာသီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံသုတေသနလုပ်ငန်းများဆိုင်ရာ သုတေသနများကိုလည်း တရုတ်နိုင်ငံ (GXAAS) အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင် ရွက်လိုကြောင်းတို့ကို ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်မှ တင်ပြဆွေးနွေးရာတွင် စပါးသီးနှံ အရည်အသွေးကောင်း ဓါတ်ခွဲခန်း သုတေသနများကို အဆင့်မြင့်တင်ခြင်းများ၊ စက်ပစ္စည်းများနှင့် နည်းပညာများ ထောက်ပံ့ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုအခါ သီးနှံ မျိုးမွေးမြူခြင်းလုပ်ငန်းများ ကို ကြိုးစားလုပ်ဆောင်ရမည်သာမက ဈေးကွက်လိုအပ်ချက်ကို အခြေခံသော သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် သီးနှံမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်းအပြင် စိုက်နည်းစနစ်နှင့် နည်းပညာများ ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ စပါးသီးနှံတွင်သာမက ယာသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနများ၊ ဥယျာဉ်ခြံသုတေသနလုပ်ငန်းများလည်း ပူးပေါင်းဆောင်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
တရုတ်နိုင်ငံ Guangxi Academy of Agricultural Sciences (GXAAS) အဖွဲ့အစည်း၏ တာဝန်ရှိသူများမှ တင်ပြဆွေးနွေးရာတွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ memorandum of understanding (MOU) ထပ်မံတိုးချဲ့ရေးလုပ်ငန်းသည် အဓိကအရေးကြီးကြောင်း၊ သို့မှသာ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လာမည့် အောက်တိုဘာလတွင် China- ASEAN Agricultural Research Conference ကို GXAAS မှ ဦးဆောင်ကျင်းပမည်ဖြစ်ပါသဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု နည်းပညာများ၊ စိုက်ပျိုးနည်းစနစ်များ ရရှိမှာဖြစ်သည့်အတွက် တက်ရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးမှုနည်းစနစ်များ၊ သီးနှံကာကွယ်ရေးနှင့် အခြားသောပန်းမန်များ သုတေသနပြုလုပ်ဆောင်ချက်များ လုပ်ဆောင်နေပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ တောင်သူများအတွက် လိုအပ်သော မျိုးများနှင့် စိုက်ပျိုးနည်းစနစ်၊ နည်းပညာ ဗဟုသုတများလည်း ထောက်ပံ့ပေးရန်လိုအပ်ပါကြောင်း မိမိတို့အနေဖြင့် တရုတ်နိုင်ငံမှ ခေတ်မှီ စက်ကိရိယာများ၊ နည်းပညာဗဟုသတများ အကူအညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် တာဝန်ရှိသူ အသီးသီးမှ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ သီးနှံကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ တောင်သူများ၏ လိုအပ်ချက်နှင့် စိုက်ပျိုးနည်းစနစ်များရှင်းလင်းဆွေးနွေးခြင်း၊ နှစ်နိုင်ငံ တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်း မှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။