စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် အထူးသီးနှံ(specialty crops) သုတေသနများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မိမိတို့နိုင်ငံ၏အထူးသီးနှံ(specialty crops) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး ခြင်းကို ၂၀၂၃ခုနှစ် စက်တင်ဘာ(၁၉)ရက်ညနေပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများနှင့် အထူးသီးနှံ(specialty crops) သုတေသနများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် သီးနှံသုတေသနဌာနစုများ မှတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း မှ အထူးသီးနှံ ( specialty crops)များနှင့်စပ်လျဉ်း၍ အထူးသီးနှံဟူသည် ယေဘုယျအားဖြင့် ကြီးမားသော အတိုင်းအတာဖြင့် တွင်ကျယ်စွာစိုက်ပျိုးခြင်းမဟုတ်ဘဲ ထူးခြားသော သွင်ပြင်လက္ခဏာများ ပိုင်ဆိုင်ထားကြသည့်၊ စျေးကွက်များတွင် တန်ဖိုးမြင့်သောသီးနှံများ၊ရိုးရာဓလေ့စရိုက်များအရ တန်ဖိုးထားသည့် သီးနှံများကို ရည်ညွှန်းပါကြောင်း၊ မိမိတို့နိုင်ငံတွင်ဆန်စပါးသည် အဓိကသီးနှံဖြစ်ပါကြောင်း၊သို့သော်လည်း စပါးမျိုးကွဲများဖြစ်ကြသည့် ဒေသအထိမ်းအမှတ်အဖြစ်အောင်မြင်နေသည့် ရွှေဘို ပေါ်ဆန်းလို စပါးမျိုးများသည် အထူးသီးနှံများဖြစ်ကြပါကြောင်း၊ ထို့အတူ သရက်သီး၊ ဒူးရင်း၊ နှင့် နဂါးမောက်သီးများကဲ့သို့ အသီးများသည်မိမိတို့ နိုင်ငံအထူးသီးနှံကဏ္ဍ၏ ရတနာများ ဖြစ်ပါကြောင်း၊ထူးခြားသောအရသာ၊ အာဟာရ အကျိုးကျေးဇူးများနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများ ကြောင့် ထင်ရှားသည့် သစ်သီးဝလံများ( စတော်ဘယ်ရီ ၊ စပျစ်သီး၊ ဖရဲသီး၊ ငှက်ပျော၊အုန်း ) ၊ ဟင်းသီးဟင်းရွက်များ (ဒေသထွက်ကုန် ဟင်းသီးဟင်းရွက်များ ၊ ကညွှတ်၊ မှို) ၊အစေ့ အဆံ(သီဟိုစေ့၊ ဗာဒံစေ့များ၊ မက်ကာဒမီးယား အစေ့အဆန်များ –)၊ အဆီများ(သံလွင်ဆီသစ်ကြားဆီ–)၊ ဆေးဖက် ဝင်အပင် (လာဗင်ဒါ ဂျင်ဆင်း, စသည်)များနှင့် ဟင်း ခတ် အမွှေး အကြိုင်များ(နနွင်း,ဂျင်း, ပင်စိမ်း—) စသည်တို့သည်လည်း အထူးသီးနှံများဖြစ်ကြပါကြောင်း၊မိမိတို့၏ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မိမိတို့နိုင်ငံတွင် ရှိနေကြသည့် အထူးသီးနှံ များ၏ အာဟာရ တန်ဖိုး၊ အသုံးဝင်ပုံ၊ အသုံးပြုပုံ များကိုလေ့လာပြီး၊သီးနှံအတွက် စိုက်နည်းစနစ်များကိုပါ သုတေသနပြုလေ့လာရမှာဖြစ်သလို တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်မည့် သုတေသန ကိုပါ ဆက်လက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊မျိုးစေ့ဘဏ်၌သိုလှောင်ထားသော ဒေသမျိုးများစွာထဲမှလည်း specialty သီးနှံများ ရှာဖွေ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ယခုအစည်းအဝေးသည် ပထမအကြိမ် အစည်းအဝေးဖြစ်ပြီး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။