စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ်ဌာနစုသို့ ပျဉ်းမနား စိုက်/မွေး အ.ထ.ကမှ ဆရာ/မ များနှင့် ကျောင်းသား/သူများလာရောက်လေ့လာခြင်း

1
2
4
3
1 2 4 3

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ စိုက်/မွေး အ.ထ.ကမှ ဆရာ/မ များနှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၂) ဦးတို့ သည် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းဦးဆောင်လျက် စိုက်/မွေး အ.ထ.ကကျောင်း၏ ဘာသာရပ်များနှင့် ဆက်စပ်၍အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် သြဂုတ်လ (၁၈) ရက် နံနက်ပိုင်းတွင် လေ့လာရေး လာရောက်ခဲ့ ကြပါသည်။

အဆိုပါ လေ့လာရေး လာရောက်ကြသည့် ဆရာ/မ များနှင့် ကျောင်းသား/သူများအား ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် အစားအစာသိပ္ပံ သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်လုဘူနှင့် စပါးဇီဝဥယျာဉ်သုတေသနဌာနစုမှ တာဝန် ရှိသူများမှ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုကြပြီး အဆိုပါလေ့လာရေး လာရောက်ကြသည့် ဆရာ/မ များနှင့် ကျောင်းသား/သူများအား စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုတွင် ဆောင်ရွက်လျက်ရှိသည့် စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချသုတေသနများ ဖြစ်သည့် ခေတ်မီတစ်နာရီ (၂) တန်ကျဆန်စက်ဖြင့် အရည်အသွေးမြှင့် ဆန်များ ကြိတ်ခွဲသန့်စင်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း သုတေသနများဖြစ်သည့် နွားများ၏ အစာချေဖျက်မှုစွမ်းအား ကောင်းမွန်စေရန်အတွက် ကောက်ရိုးတွင် ပါဝင်သော lignin အား ယူရီးယား အသုံးပြု၍ ချေဖျက်ခြင်းနှင့် အာဟာရဖြည့် (၁) ကီလို နွားစာတုံး ထုတ်လုပ်ခြင်း၊ ကောက်ရိုးအား အသုံးပြု၍ စက္ကူထုတ်လုပ်ခြင်း၊ ကောက်ရိုးအား အသုံးပြု၍ မှိုမွေးမြူခြင်း၊ ကောက်ရိုးနှင့် စပါးခွံကို အသုံးပြု၍ တီကျစ်မြေဆွေးပြုလုပ်ခြင်းသုတေသနများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ စပါးခွံဖွဲပြာအား အသုံးပြု၍ ဆောင်ရွက်သည့်သုတေသနများဖြစ်သည့် ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေး သိုလှောင်ကန်တည်ဆောက် အသုံးပြုခြင်း သုတေသနများ အားလည်းကောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသောဘေးထွက်ပစ္စည်းများ (ဖွဲနှင့်ဆန် အကျိုးအကြေ)များ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း သုတေသနများဖြစ်သည့် တာရှည်ခံဖွဲနု (Stablized Rice Bran) ထုတ်လုပ်ခြင်း၊ အာဟာရပြည့်ဝသော ကြက်စာနှင့်ငါးစာများ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အားလည်းကောင်း၊ ဆန်ကို အခြေခံ၍ ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ် ပါဝင်မှုကို လေ့လာခြင်းနှင့် အာဟာရမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆက်စပ်၍လည်းကောင်း၊ စားသုံးသူများအတွက် အာဟာရပြည့်ဝ၍ အလွယ်တကူ အသင့်စားသုံးနိုင်သော ဆန်မုန့်ဆမ်း၊ ဆန်ပေါက်ပေါက်နှင့် ဆန်မရွေး မုန့်များ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များ အားလည်းကောင်း၊ နည်းပညာများ ဖြန့်ဝေပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု များအားလည်းကောင်း လေ့လာရေးလာရောက်ကြသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများအားမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ၍ သိလိုသည်များအား မေးမြန်း‌ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။