စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းမှ သင်တန်းသားများ လာရောက်လေ့လာခြင်း

3
4
1
5
2
6
3 4 1 5 2 6

စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ် သုတေသနဌာနစုသို့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းမှ သင်တန်းသားများသည် ၂၀၂၃ ခုနှစ်ဇူလိုင်လ (၃၀) ရက် နံနက်ပိုင်းတွင် လေ့လာရေး လာရောက်ခဲ့ ကြပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းလျက် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းသို့ သင်တန်းသား (၄၂)ဦး တက်ရောက်လျက်ရှိရာ သင်တန်း ၏ဘာသာ ရပ်များနှင့်ဆက်စပ်လျက် သင်တန်းအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လေ့လာရေးလာရောက်ခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါလေ့လာရေးလာရောက်ကြသည့် သင်တန်းသားများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြားရေးမှူးနှင့် စပါးဇီဝဉယျာဉ်မှတာဝန် ရှိသူများမှ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုကြပြီး အဆိုပါလေ့လာရေးလာရောက်ကြသည့် သင်တန်းသားများအား စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရှိ၊ စပါးဇီဝဥယျာဉ် သုတေသနဌာနစုတွင် ဆောင်ရွက်လျက်ရှိသည့် စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးချသုတေသနများ ဖြစ်သည့် ခေတ်မီတစ်နာရီ (၂) တန်ကျဆန်စက်ဖြင့် အရည်အသွေးမြှင့် ဆန်များ ကြိတ်ခွဲသန့်စင်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ကောက်ရိုးကို အသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း သုတေသနများဖြစ်သည့် နွားများ၏ အစာချေဖျက်မှုစွမ်းအား ကောင်းမွန်စေရန်အတွက် ကောက်ရိုးတွင် ပါဝင်သော lignin အား ယူရီးယား အသုံးပြု၍ ချေဖျက်ခြင်းနှင့် အာဟာရဖြည့် (၁) ကီလို နွားစာ တုံး ထုတ်လုပ်ခြင်း ၊ ကောက်ရိုးအား အသုံးပြု၍ စက္ကူထုတ်လုပ်ခြင်း၊ ကောက်ရိုးအား အသုံးပြု၍ မှိုမွေးမြူခြင်း၊ ကောက်ရိုးနှင့် စပါးခွံကို အသုံးပြု၍ တီကျစ်မြေဆွေးပြုလုပ်ခြင်းသုတေသနများနှင့် စပ်လျဉ်း ၍လည်းကောင်း၊စပါးခွံဖွဲပြာအား အသုံးပြု၍ ဆောင်ရွက်သည့်သုတေသနများဖြစ်သည့် ဇီဝမြေသြဇာ ထုတ်လုပ်ခြင်း၊ ရေသန့်စင်ခြင်း၊ စွမ်းအင်မဲ့ အအေးပေးသိုလှောင်ကန်တည်ဆောက် အသုံးပြုခြင်း သုတေသနများ အားလည်းကောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ရရှိသောဘေးထွက်ပစ္စည်းများ (ဖွဲနှင့်ဆန် အကျိုးအကြေ)များ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသုတေသနများဖြစ်သည့် တာရှည်ခံဖွဲနု (Stablized Rice Bran) ထုတ်လုပ်ခြင်း၊ အာဟာရပြည့်ဝသော ကြက်စာနှင့်ငါးစာများ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် အားလည်းကောင်း၊ ဆန်ကို အခြေခံ၍ပြုလုပ်သော ဒေသထွက် အစားအစာများ၏ အာဟာရဓာတ် ပါဝင်မှုကို လေ့လာခြင်းနှင့် အာဟာရမြှင့်တင်မှု လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ဆက်စပ်၍လည်းကောင်း၊ စားသုံးသူများအတွက် အာဟာရပြည့်ဝ၍ အလွယ်တကူ အသင့်စားသုံးနိုင်သော ဆန်မုန့်ဆမ်း၊ ဆန်ပေါက်ပေါက်နှင့် ဆန်မရွေး မုန့်များ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များ အားလည်းကောင်း၊ နည်းပညာများ ဖြန့်ဝေ ပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု များအားလည်းကောင်း လေ့လာရေးလာရောက်ကြသည့် သင်တန်းသားများ အား တာဝန်ရှိသူများမှ လိုက်လံ ရှင်းလင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ၍ သိလိုသည်များအား မေးမြန်း‌ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။