စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် စပါးသီးနှံ၊ ယာသီးနှံမျိုးသစ်များနှင့် စိုက်နည်းစနစ်များကို နေပြည်တော်အတွင်းရှိ တောင်သူများအား မိတ်ဆက်ပြသသည့် ကွင်းသရုပ်ပြပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းတွင် ထုတ်ဝေထားသည့် စပါးသီးနှံ၊ ယာသီးနှံမျိုးသစ်များနှင့် စိုက်နည်းစနစ်များအား နေပြည်တော်အတွင်းရှိ တောင်သူများအား မိတ်ဆက် ပြသ သည့် ကွင်းသရုပ်ပြပွဲ တစ်ခုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှုးများနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူများ၊ ခရိုင်ဦးစီး မှူများ၊ မြို့နယ်ဦးစီးမှူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ တောင်သူများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှအဖွင့်အမှာစကားပြောကြားရာ ယနေ့ ကျင်းပ ပြုလုပ်သည့်ပွဲသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုရရှိလာခဲ့သည့် မျိုးနှင့် နည်းပညာ များအား တောင်သူများကို ခေါ်ယူပြသသည့် ကွင်းသရုပ်ပြပွဲတစ်ခုဖြစ်ပါကြောင်း၊ သုတေသန၊ ပညာ ပေးသူ၊ တောင်သူများသည် အမြဲချိတ်ဆက်၊ ဆက်သွွယ်နေရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တောင်သူ ကြီးများ အနေဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် မည်သည့်မျိုးများ ထုတ်လုပ် ထားသည်၊ ထုတ်လုပ်ထားသော မျိုးများသည် မည်သို့သောအခြေအနေရှိသည်၊ မိမိတို့လိုအပ်ချက် နှင့်သင့်တော်သည် စသည်တို့ကို သိရှိနိုင် မည်ဖြစ် ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် စပါးသီးနှံသုတေသနများ၊ ယာသီးနှံ (ပဲ၊ပြောင်း၊ဆီထွက်) သုတေသနများ၊ အခြားသောသီးနှံ သုတေသနများ နှင့် ပိုးမွှား၊ရောဂါ၊ မြေဆီလွှာ ဆိုင်ရာ သုတေသနများလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အချိန်မရွေး လာ ရောက် လေ့လာ နိုင်ကာ သိရှိလိုသည်များ၊ အခက်အခဲပြသနာများရှိပါကလည်း မေးမြန်း ဆွေးနွေး နိုင်ပါ ကြောင်း၊ သုတေသနများဆောင်ရွက်နေသည့် မိမိတို့ဌာန အနေဖြင့်လည်း တောင်သူများထံမှ အခက်အခဲ ပြသနာများ အား သိရှိခြင်းအားဖြင့် အဆိုပါပြသနာများအား အခြေခံကာ ဖြေရှင်းပေးရန် သုတေသနများ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူအသီးသီးမှ တက်ရောက် လာသူများအား နှုတ်ခွန်းဆက်စကားပြောကြားကာ ကွင်းသရုပ်ပြပွဲတွင်ပြသသည့် အကြောင်း အရာများနှင့်စပ်လျဉ်း၍ရှင်းလင်းပြသခဲ့ကြပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲအား ကြည့်ရှုလေ့လာရန် နေရာ(၄)နေရာအဖြစ် စပါးသုတေသနဗဟိုဌာန၊ အခြားနှံစား သီးနှံသုတေသနဌာနစု၊ ဆီထွက်သီးနှံသုတေသနဌာနစု၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုတို့အား စီစဉ် ပြသခဲ့ခြင်းဖြစ်ပါသည်။
ပထမလေ့လာရန်ဖြစ်သည့် စပါးသုတေသနဗဟိုဌာနတွင် ထုတ်ဝေပြီး အရည်အသွေးကောင်း စပါးမျိုးသစ် ဝိုင်ကြူအာ-၁၂ (YQR- 12) ၏ စိုက်စနစ်အမျိုးမျိုးအပေါ် တုန့်ပြန်မှုအား လေ့လာခြင်း သုတေ သနအား လည်းကောင်း၊ ထုတ်ဝေပြီးစပါးမျိုးများအား သရုပ်ပြစိုက်ပျိုးပြသခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ စမ်းသပ်မျိုးအဖြစ် ဝိုင်ကြူအာ-၁၂ စပါးမျိုးတစ်မျိုး တည်းကိုသာအသုံးပြုပြီး ကြဲပတ်ခြင်း၊ အစေ့ချ စိုက်ပျိုးခြင်း၊ ၊ပျိုးထောင်ကောက်စိုက်ခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း စသည့် စိုက်နည်းစနစ် အမျိုး မျိုးတို့ကို အသုံးပြုကာ နှိုင်းယှဉ်စိုက်ပျိုးထားမှုတို့အားလည်းကောင်း ၊ ထုတ်ဝေပြီးစပါးမျိုးများဖြစ်သည့် ပြည်တော်ရင်၊ ဝိုင်ကြူအာ-၀၁၊ ဝိုင်ကြူအာ-၁၁၊ ဝိုင်ကြူအာ-၁၄၊ကိုမိုင်ပါးလ်၊ ဆင်းသုခ စသည့် စပါးမျိုး များအား သရုပ်ပြစိုက်ပျိုး ထားရှိမှုနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းပြသခဲ့ပါသည်။
ထိုနောက် တာဝန်ရှိသူအသီးသီးမှ တက်ရောက်လာကြသည့် ပညာပေးဝန်ထမ်းများနှင့် တောင်သူများ အား သုတေသနစိုက်ကွက်များသို့ လက်တွေ့ လိုက်လံပြသခဲ့ ကြပြီး သိလိုသည် များအား ဖြေကြားပေးခဲ့ပါသည်။
ဆက်လက်၍ အခြားနှံစား သီးနှံသုတေသနဌာနစုကွင်းတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် နှံစားပြောင်းသီးနှံ (ရွှေနီ-၁၅)မျိုး နှင့် ဆပ်သီးနှံ (ရေဆင်းပုလဲ-၄)မျိုး များ ဖြစ်ထွန်းနေမှုများအား သွာရောက်လေ့လာကြရာ တာဝန်ရှိသူများမှ သီးနှံမျိုးများ၏ စိုက်ပျိုးဖြစ် ထွန်းနိုင်မှုအခြေအနေ၊ ပြောင်းလဲလာသည့်ရာသီဉတုနှင့်ဆက်စပ်သော နောင်အနာဂတ်အတွက် သီးနှံ၏ အလားအလာ၊ လူသားတို့၏ နေ့စဉ်ဘဝ အဟာရပြည့်ဝရေးတွင် အရေးပါမှု ၊ တိရိစ္ဆာန်စာအတွက် အရေးပါမှု စသည်တို့အားရှင်းလင်းပြောကြားကြပြီး တောင်သူများ သိလိုသည်များကို ပြန်လည် ဆွေးနွေး ပေးခဲ့ပါသည်။
ထို့နောက် ဆီထွက်သီးနှံ သုတေသနဌာနစုကွင်းအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အလား အလာ ကောင်းသောနှမ်းမျိုးများ ၏အရည်အချင်းလက္ခဏာများအားလေ့လာခြင်း သုတေသနအား လည်းကောင်း၊ ဆင်းပန်းနှမ်း-၁ မျိုးအား မျိုးသန့်ထိန်းသိမ်း ပွားများစိုက်ပျိုးထားသည့် ရှိ မှုများအား လည်းကောင်း သွားရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများမှ အလားအလားကောင်းသောနှမ်းမျိုးများ ၏အရည်အချင်းလက္ခဏာများ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများ၊ ဆင်းပန်းနှမ်း-၁ ၏ အရည်အချင်း လက္ခဏာများ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်မှုအခြေအနေများအား ရှင်းလင်းပြသခဲ့ကြပြီး တောင်သူများ သိလို သည်များ ကိုပြန်လည်ဆွေးနွေးဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
နောက်ဆုံးအနေဖြင့် ပဲမျိုးစုံ သီးနှံသုတေသနဌာနစု ကွင်း သို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူများမှ ကွင်းအတွင်းစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသည့် အဝါရောင်မိုစေ့ ရောဂါနှင့် မြစ်ခြောက် ဆွေးရောဂါဒဏ်ခံနိုင်သည့် ရေဆင်း-၁၆ ပဲတီစိမ်း မျိုးသစ်အား သရုပ်ပြစိုက်ပျိုးထားရှိမှုအား ပြသ၍ ရေဆင်း-၁၆ ပဲတီစိမ်း မျိုး၏ အရည်အချင်းလက္ခဏာများ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်မှုအခြေအနေများ၊ မျိုးစေ့ ရရှိနိုင်မှု အခြေအနေများအား ရှင်းလင်းပြသ ဆွေးနွေး ခဲ့ပြီးတာဝန်ရှိသူအသီးသီးမှ ပဲတီစိမ်းသီးနှံ သုတေသန ဆောင်ရွက်ထားရှိမှု၊ မတ်ပဲသီးနှံ သုတေသနများဆောင်ရွက်ထားရှိမှုနှင့် ပဲလွမ်းသီးနှံ သုတေသန ဆောင်ရွက်ထားရှိမှုများအားလိုက်လံပြသခဲ့ကာ တောင်သူများသိလိုသည်များ အားပြန်လည် ဆွေး နွေး ပေးခဲ့ကြပါသည်။
ဆက်လက်၍ ပဲမျိုးစုံ သီးနှံသုတေသနဌာနစုကွင်း၏ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှဦးဆောင်ပြီး တက်ရောက်လာသည့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူ များ နှင့် ကွင်းသရုပ်ပြပွဲတွင် လေ့လာတွေ့မြင်ခဲ့ရသည့်မျိုးသစ်များ အပေါ် ၎င်းတို့ ၏ အမြင်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နေရာဒေသအလိုက် တောင်သူများအနေဖြင့် ကြုံတွေ့ ရသည့် အခက်အခဲပြသနာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အသီးသီး မှ ကိုယ် စားပြု တောင်သူ၊ ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။