စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ပဲပုပ်မျိုး (ရေဆင်း ၁၅) စိုက်ပျိုးထားရှိမှုအား လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူများနှင့် မိတ်ဆက်ပြသခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းဆောင်ရွက်သော “တောင်သူများပူးပေါင်း ပါဝင်သော ရှေ့ပြေး ပဲမျိုးစုံ ကျေးရွာ တည်ထောင်ခြင်း စီမံကိန်း” အားအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်း၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေဆင်း ၁၅ ပဲပုပ်မျိုးအား လယ်ဝေးမြို့နယ်၊ အုတ်ဖိုဇောင်းကျေးရွာရှိ တောင်သူ တစ်ဦး၏ စိုက်ကွင်းတွင် လက်တွေ့စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းနေမှုများ အား လက်တွေ့ပြသသည့် ကွင်းသရုပ်ပြပွဲ တစ်ရပ်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ကိုရီးယားနိုင်ငံ KOPIA-RDA မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှတာဝန်ရှိသူများ၊ လက်ပံတန်း၊ အောင်ချမ်းသာ၊ နနွင်းကုန်း၊ အုတ်ဖိုဇောင်း ကျေးရွာများမှ ပဲစိုက်တောင်သူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံဌာနခွဲ၊ ပဲမျိုးစုံသုတေသနဌာနစုတာဝန်ခံ မှ “တောင်သူများပူးပေါင်း ပါဝင်သော ရှေ့ပြေး ပဲမျိုးစုံ ကျေး ရွာတည် ထောင်ခြင်း စီမံကိန်း” အား ဤဒေသအတွင်း အကောင် အထည်ဆောင်ရွက်မည် အစီအစဉ် များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လက်ရှိစိုက်ပျိုးပြသထားသည့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေဆင်း ၁၅ ပဲပုပ်မျိုး၏ အရည်အချင်း လက္ခဏာများနှင့်သီးနှံသဘာဝ၊ စိုက်ပျိုးချိန်၊ အပင်ပြုစုစောင့်ရှောက်ပုံ များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တောင်သူများစိုက်ပျိုးသင့်သည့် သီးနှံပုံစံများနှင့် ထိုသို့ သင့်တော် သည့်သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြသပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ ရေဆင်း ၁၅ ပဲပုပ်မျိုးအား လက်ခံစိုက်ပျိုးထားသူတောင်သူကြီးမှ ယခုစိုက်ပျိုးထားသည့် မျိုးအပေါ် အသက်ရက်၊ အပင်ဖြစ်ထွန်းမှု၊ တပင်ပါသီးတောင့်ပါဝင်မှု၊ အကြမ်းခံမှု စသည့်တို့ကို ယခင်က ၎င်းတို့ဒေသတွင် စိုက်ပျိုးဖူးသည့် ဒေသမျိုးများနှင့် နှိုင်းယှဉ်ကြည့်ရာ လွန််စွာသာလွန်မှုရှိခြင်းကြောင့် အလွန်သဘောကျနှစ်သက်ပါကြောင်း ကို တက်ရောက်လာသူတောင်သူများအား လက်တွေ့ပြသ၍ သတင်း ကောင်း များဖြန့် ဝေပေးခဲ့ပါသည်။
ဆက်လက်၍တက်ရောက်လာသူတောင်သူများမှ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ရေဆင်း (၁၅)ပဲပုပ်မျိုးများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မျိုးနှင့်ပတ်သက်၍ သိလိုသည် များအား စူးစမ်းမေးမြန်းခဲ့ကြပါကြောင်း သတင်း မှတ်တမ်းတစ်ခုအဖြစ်ဖော်ပြအပ်ပါသည်။