စိုက်ပျိုးရေးသုတေသနဦးစီးဌာန ကွင်းသရုပ်ပြပွဲကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဉီးစီးဌာန (ရေဆင်း) ရှိ တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးထားခြင်း အားပြသသည့်ကွင်းသရုပ်ပြပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂၁)ရက်ကကျင်းပခဲ့ပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ ) ဒေါက်တာ အောင်မိုး မျိုးတင့်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊သီးနှံအတွဲများ အလိုက်တာဝန်ယူ ဆောင်ရွက် နေသူများ၊ လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၃) မှ သင်တန်းသား သင်တန်းသူ(၃၈)ဦး စုစုပေါင်း (၇၅) ဦးတက်ရောက် ခဲ့ကြပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲ တွင် ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာ မင်းစံသိန်းမှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ခိုင်ထွေးမှ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုး ထားခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်ရသည့် အကြောင်းရင်းများအား ရှင်းလင်း ပြောကြား ပေးခဲ့ပြီး ညွှန်ကြားရေးမှူးဒေါ်မြတ်နွယ်နွယ်မှ ကွင်းသရုပ်ပြပွဲသို့ တက်ရောက် လာကြသည့် သင်တန်းသား သင်တန်းသူများအား တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံ အတွဲများ စမ်းသပ်/စံပြ စိုက်ပျိုးခြင်းစီမံကိန်းတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပညာရှင် များနှင့် မိတ်ဆက်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြသကာ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကူးခဲ့ကြပါသည်။
ဆက်လက်၍ စပါး-နေကြာ-ပဲပုပ်၊ စပါးတစ်မိုးနှစ်သီး-သစ်စိမ်း-ပဲတီစိမ်း၊ စပါး-အစေ့ထုတ်ပြောင်း-ဟင်းသီးဟင်းရွက်၊ စပါး-မြေပဲ-ပဲတီစိမ်း၊ စပါးတစ်မိုးနှစ်သီး-ကြက်သွန်နီ၊ စပါး-မတ်ပဲ-နှမ်း၊ စပါးလမိုင်း- စပါးလမိုင်း-စပါး၊ စပါး-ဖူးစားပြောင်း-စပါး၊ စပါး-ကုလားပဲ-စပါး၊ ပဲပုပ်-ဆီမုန်ညင်း-ဝါစသည့် သီးနှံပုံစံ (၁၀)မျိုး အား တမျိုးချင်းစီ အလိုက် တာဝန်ယူ ဆောင်ရွက် နေသည့် တာဝန်ခံများ၊ ရောဂါ၊ ပိုးမွှားတာဝန်ခံများမှ သီးနှံအတွဲ တစ်တွဲချင်းစီ အလိုက် လိုက်လံပြသရှင်းလင်းပေးခဲ့ကြရာ တက်ရောက်လာသူများမှစိတ်ပါဝင်စားစွာကြည့်ရှုကြ၍ သိလိုသည်များမေးမြန်းခြင်းများအပေါ် ပြန်လည်ဖြေကြားပေးခြင်း လက်တွေ့ ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းမှတ် တမ်းအဖြစ်ဖော်ပြအပ်ပါသည်။