စိုက်ပျိုးရေးထုတ်ကုန်များ၏ ကုန်ချောထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်က နှမ်းနှင့် မြေပဲမှ ကုန်ချောထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာန တို့ပူးပေါင်းကာ အာရှဒေသ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများ အတွင်း စိုက်ပျိုးရေးထုတ်ကုန်များ၏ ကုန်ချော ထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (Development of Agricultural Products Processing Technology AFACI-APPT) စီမံကိန်း၏ လှုပ်ရှားမှုတစ်ခုအဖြစ် တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ကျင်းပခဲ့သည်။ အဆိုပါစီမံကိန်းအား တောင်ကိုးရီးယားနိုင်ငံ၊ အာရှဒေသစားနပ်ရိက္ခာများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (AFACI – Asian Food and Agriculture Cooperation Initiative) မှ ငွေကြေးပံ့ပိုးပြီး ထောက်ပံ့ကူညီ ခြင်းဖြစ်ပါသည်။
တောင်သူနှီးနှောဖလှယ်ပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ AFACI-National Contact Person နှင့် AFACI-APPT, PI ညွှန်ကြားရေးမှူးနှင့် သင်တန်းဆရာ ဆရာမများ၊ တပ်ကုန်းစိုက်ပျိုးရေး သုတေသနခြံမန်နေဂျာ နှင့် သုတေသီပညာရှင်များ၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ KC တာဝန်ခံများ နှင့် ပညာပေးဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ် ဂတ်ချိုင်း၊ ဂတ်ကုန်း၊ မဲအင်း၊ မကျီးပင် ကျေးရွာမှ အသေးစား၊ အလတ်စားအိမ်တွင်းမှု စီးပွားရေး လုပ်ငန်းရှင်များ (SMEs) နှင့် မြေပဲနှင့်နှမ်းစိုက် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ တောင်သူ နှီးနှောဖလှယ်ပွဲတွင် စိုက်ပျိုးရေးသုတေသဦးစီးဌာနမှပညာရှင်များမှ နှမ်းယို၊ မြေပဲယို တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ရာတွင် အစားအစာသန့်ရှင်းရေး နှင့် စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းရေး အရေးကြီးပုံများ အကြောင်းကိုလည်းကောင်း၊ နှမ်းယို၊ မြေပဲယို တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ခြင်း နည်းပညာ အဆင့်ဆင့် အကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဘေးထွက် ပစ္စည်းများကို အပင်အာဟာရအတွက်အသုံးပြုခြင်းနှင့် မြေဆွေးပုံပြုလုပ်ခြင်းနည်းလမ်းများ အကြောင်း ကိုလည်းကောင်း၊ မြေဆီလွှာ တိုးတက်ကောင်းမွန်စေရန် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူး များကို လည်းကောင်း ဟောပြော ပို့ချ ဆွေးနွေးကြပါသည်။ ထို့နောက် တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးချိန်တွင် နိဂုံးချုပ် အနေဖြင့် AFACI-National Contact Person နှင့် AFACI-APPT, PI မှ ယခု တက်ရောက် လာကြသည့်တောင်သူများအနေဖြင့် သိရှိလိုသည်များ ရှိသည့်အခါ အချိန်မရွေး သင်တန်းဆရာများထံ မေးမြန်း စုံစမ်းနိုင်ပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သင်တန်းဆရာများ သင်တန်းသားများအား စီမံကိန်းတာဝန်ခံက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါ ကြောင်း သတင်းမှတ် တမ်း အဖြစ် ဖော်ပြ အပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန