စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တက်ရောက်
စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တဟုန်ထိုး တိုးတက်သွားနိုင်
စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တဟုန်ထိုး တိုးတက်သွားနိုင်သည်ဟု ယုံကြည်ကြောင်း ထို့ကြောင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကထားဆွေးနွေးပေးနိုင်ပါရန် ပြောကြား လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ၊နဝရတ်ခန်း၌ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး ၊နေပြည်တော်ကောင်စီ ဥက္ကဌ ဒုတိယဝန်ကြီးများ ၊အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကvideo conferencingဖြင့်တက် ရောက် ကြပါသည်။
စိုက်ပျိုးရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပွင့်ပွင့် လင်း လင်းဖြင့် တင်ပြဆွေးနွေးကြစေလို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာမှာ ယခုအစည်းအဝေးသည် နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကကျ သည့် စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်း သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေ ရေး လုပ်ငန်းဆိုင်ရာ လိုအပ် ချက်များကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေးကြစေလိုပါ ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက် လာကြသူများသည် သက်ဆိုင်ရာကဏ္ဍများအလိုက် ကျွမ်းကျင်ကြသူများ ဖြစ်ကြပါကြောင်း ၊ နိုင်ငံစီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကကျတဲ့အတွက် ဦးစားပေးဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း ။
စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါက ကျေးလက်နေ ပြည်သူများ ၏ ဘဝများ ထူးခြားစွာတိုးတက်ပြောင်းလဲလာမည်
မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အဓိကကုန်ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း ဂျီဒီပီ တွင် စိုက်ပျိုးရေးကဏ္ဍ ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍သုံးရပ်ရှိပါကြောင်း ၊ စိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကဏ္ဍရှိကြောင်း ၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့်ရောင်းဝယ်မှုများကို ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း ၊ မိမိတို့နိုင်ငံရဲ့ လူဦးရေ ၏(၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်မှာနေထိုင်ကြပြီး ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ၊စိုက်ပျိုးရေးနှင့် နှီးနွှယ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ကြပါကြောင်း၊၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ (၄၅)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းနှင့် နှီးနွှယ်နေသူများ ဖြစ်ကြသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင် ဆောင်ရွက်ပေးနိုင်မယ် ဆိုပါက ကျေးလက်နေပြည်သူများ၏ ဘဝများထူးခြားစွာ တိုးတက် ပြောင်းလဲလာမည်ဟု သုံးသပ် တွေ့ရှိရပါကြောင်း ။
သီးထပ်စွမ်းအားများတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ဝင်ငွေများစွာ တိုးတက် လာမည်
စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့်ဆီထွက်သီးနှံများ ပဲအမျိုးမျိုး၊ ဝါ ၊ကြံ ၊ပြောင်းနှင့် မီးဖိုချောင်သုံးသီးနှံများ လက်ဖက်၊ရော်ဘာ ၊ကော်ဖီ ၊ဆီအုန်းစသည့် စက်မှုကုန်ကြမ်းသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရှိရပါကြောင်း။ စိုက်ပျိုး မြေများတွင် လယ်ယာမြေ၊ ဥယျာဉ်မြေများသာမက အခြားမြေများကိုထည့်သွင်းထားသည့် အတွက် စိုက်ပျိုး ဧကများ များပြားလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း ၊ စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံတွင် မိုးစပါးစိုက်ဧက (၁၅)သန်း ရှိကြောင်း၊၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄.၉ သန်းရှိသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃.၁၇၅ သန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှုမှာ ၆ သိန်း ၊ တောင်ယာစိုက်ပျိုးမှုမှာ ၁.၉ သိန်း ပါရှိပြီး ထိုအထဲတွင် အခြားမြေများ လည်းပါဝင်သည်ကို တွေ့ရှိရကြောင်း၊ မိုးစပါးစိုက်ဧကများ၌ မိုးစပါး စိုက်ပျိုးသည့်အချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအား များတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် အဆိုပါ မိုးစပါးစိုက်ပျိုး မြေများမှ ၁.၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးဧက ၁၃.၁၇၅ သန်းတွင် သီးနှံ အမျိုးမျိုး စိုက်ပျိုးမှုမှာ ၇.၄၇၃ သန်းရှိသည့်အတွက် မိုးစပါးတစ်မျိုးသာ စိုက်ပျိုးမှုမှာ ၅.၇၃ သန်းရှိသည်ကို တွေ့ရှိရကြောင်း။
ယခုအချိန်ထိ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲ ကျန်ရှိနေသည့် မြေ ၅သန်း၇သိန်းကျော် ရှိသည်ကို တွေ့ရှိရကြောင်း ၊ ပြီးခဲ့သည့်နှစ်တွင် မိုးစပါး ထွက်ရှိမှု အနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ၇၂.၆၄ တင်းခန့် ထွက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများတွင် ၄သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂.၆၄ တင်းဖြင့် တွက်ချက်မည်ဆိုပါက ၂၈၉.၅၄ တင်းသန်း ထွက်ရှိမည်ဖြစ်ကြောင်း ၊တစ်တင်းလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တွက်ချက် ကြည့်မည်ဆိုပါက စပါးတင်း သန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်၏ စီးပွားရေး တိုးတက် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေ တိုးတက်လာမည်ဆိုပါက ဝယ်လို အားနှင့် ရောင်းလိုအားများလည်းတက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် စိုက်ပျိုးရန် ကျန်ရှိသည့်မြေများတွင် စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ။
အလားတူအဆိုပါစိုက်ပျိုးခြင်းမရှိသည့် မြေဧက ၄ သန်းအပေါ်တွင် အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့ များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီများတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများရှိကြောင်း ၊ပြည်တွင်းစားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်း နိုင်မည်ဆိုပါ က ပြည်တွင်းဆီဖူလုံမှုကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီတိုးတက်နှုန်းကိုလည်း အထောက် အကူပြု စေမည် ဖြစ်ကြောင်း။
ဝတ်ရေးဖူလုံမှုရှိစေရေး ဝါစိုက်ပျိုးမှုတိုးတက်အောင်ဆောင်ရွက်
မိမိတို့နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ဝါစိုက်ပျိုးမှုမှာ ၄.၅ သိန်းဧကခန့်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၈သိန်းကျော်ရှိခဲ့ကြောင်း ၊ဝါစိုက်ပျိုးမှုများ မြှင့်တင်ရန်အတွက် ယခုအခါ နိုင်ငံတော်မှ အားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ ဝါစိုက်ပျိုးမှုများကိုယခင်စိုက်ပျိုး ဧကအတိုင်း စိုက်ပျိုး ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက်လိုအပ်သည့် ချည်မျှင်များကို လုံလောက်စွာထုတ် လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူအဆင့်မီသည့် ဝါများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများဝတ်ရေးဖူလုံရေးအတွက် ဝါစိုက်ပျိုး မှုများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ချည်မျှင် ထုတ်လုပ်သည့်စက်ရုံများနှင့် အထည်ရက်လုပ်သည့်စက်ရုံများ တည်ဆောက်၍ ချည်ချော များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း ၊သို့မှသာပြည်ပမှ ချည်ထည်များ တင်သွင်း နေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ပြည်တွင်းဆီဖူလုံမှုရှိစေရေး ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်
ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုးဧက ၃ သန်း ၊နေကြာစိုက်ပျိုးဧက ၁ သန်း ၊နှမ်းစိုက်ပျိုးဧက ၃.၅ သန်းစိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင် ရည်မှန်းချက်ကို ပြည့်မီအောင် ထွက်ရှိကြောင်း ၊ လက်ရှိစိုက်ဧကမှ မြေပဲ၊ နှမ်း၊နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျစိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင် မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁.၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကိုတွေ့ရှိ ရကြောင်း ၊ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက စားအုန်းဆီမပါပဲ ဆီဖူလုံမှု ၂၀၀ ရာခိုင်နှုန်း ကျော်လွန်သည်ကို တွေ့ရှိရကြောင်း ၊ထို့ကြောင့် ဆီထွက်သီးနှံများစိုက် ပျိုးရေး နှင့်တစ်ဧကချင်းအထွက်နှုန်းများတိုးတက်စေရေးအလေးထားဆောင်ရွက်ပေးစေလိုကြောင်း။
ပြည်သူများကျန်းမာရေးနှင့်ညီညွှတ်သည့်ဆီများစားသုံးနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
စပါးစိုက်ပျိုးခြင်းနှင့်ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်း ချက်ပြည့်မီစွာ ဆောင် ရွက်နိုင်မည်ဆိုပါက မိမိတို့အတွက် ပထမခြေလှမ်းတခုဖြစ်မည် ဖြစ်ကြောင်း။
ပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း ပဲစင်းငုံ၊မတ်ပဲ ၊ပဲတီစိမ်းနှင့် ပဲအမျိုးမျိုးအပါအဝင် ကော်ဖီနှင့် ပြောင်းတို့သည်လည်း ကမ္ဘာပေါ်တွင် လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်ပြီး ဈေးကွက် လိုအပ်ချက်များရှိပြီးဖြစ်ကြောင်း မြန်မာကော်ဖီသည်လည်း ပြည်ပဈေးကွက်ဝင် ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင်စိုက်ပျိုးကြရန် လိုကြောင်း၊ အလားတူပြောင်း သည်လည်းပြည်ပ ဈေးကွက်ရှိပြီးဖြစ်သဖြင့် အဆိုပါသီးနှံများစိုက်ပျိုးမှုတိုးတက် အောင်ကြိုးပမ်းဆောင်ရွက် ကြရန် လိုကြောင်း၊ သီးနှံများအောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေးနည်း လမ်း ရှာဖွေဆောင် ရွက်ကြစေ လိုကြောင်း။
စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ပေးရန်လို
စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရန်အတွက် မျိုး၊ မြေ၊ ရေ နည်းလေးမျိုးရှိကြောင်း ၊ ထိုအထဲတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျကြောင်း ၊ရေကိုအကျိုးရှိထိ ရောက်စွာ အသုံးချပြီး စိုက်ပျိုးမည်ဆိုပါက အပင်များရှင်သန်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြေဆီမြေလွှာ ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် မိမိ တို့အနေဖြင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ် ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း စသည့်မြစ်ကြီးလေးသွယ်အပြင် အခြား မြစ်ချောင်း များလည်းများစွာ ရှိကြောင်း၊ မြစ်ရေများကိုအဟောသိကံ မဖြစ်စေဘဲ အကျိုးရှိစွာ အသုံးချနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင် မည်ဆိုပါက စိုက်ပျိုးရေး အတွက် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ် တွင် နိုင်ငံအတွက် အကျိုး ဖြစ်ထွန်းစေမည့် အလားအလာများကို ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တင်ပြစေလိုကြောင်း ၊ စပါးစိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး နိုင်ငံ့ စီးပွား ရေးကိုမြှင့်တင်ရန်လိုကြောင်း ။
အချို့နေရာများတွင် စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာရရှိခြင်းမရှိသည့်အတွက် စိုက်ပျိုးမှုကို ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုး ရေကို လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်အနီးရှိ စိုက်ပျိုးမြေ များကိုလည်း မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင် လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း များဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း အလားတူအချို့မြစ်ကြောင်းများတွင် Low Head Dam များ တည်ဆောက်၍ ဆောင်ရွက်နိုင်သည် ကိုတွေ့ရှိရကြောင်း ၊ယခင်သုတေသနပြုလုပ်ထားသည့်နေရာ များမှ ရေလိုအပ်ချက် ရှိသည့် အချို့နေရာများကိုဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် ဒွန်တွဲရေကာတာ စနစ်ဖြင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ တစ်ဖက်မှ သွားလားသည့်စနစ်အတွက် အသုံးပြုခြင်းနှင့် တစ်ဖက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းနှင့် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်သင့်သည့်နေရာများ ရှိကြောင်း ၊ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးရေး လုပ်ငန်းများကို ရာသီမရွေးအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊
ရေကိုအဟောသိကံအသုံးပြုခြင်း မရှိစေရေး စာသင်ကျောင်းများမှအစ အသိပညာပေး သင်ကြားပေးရန်လိုကြောင်း၊ ရေကိုစိုက်ပျိုးရေးအတွက် အသုံးပြုရာတွင် ရေပန်းစနစ်၊ အစက်ချ စနစ်များဖြင့် အသုံးပြုနိုင်ရေးအသိပညာပေးရန်လိုကြောင်း၊ထို့ကြောင့် စိုက်ပျိုးရေးပညာရှင် များ အနေဖြင့် ရေကို စနစ်တကျအသုံးချစေရေး အသိပညာပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးလလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွား ရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်ဟု ယုံကြည်ပါကြောင်း ၊ ထို့ကြောင့်စိုက်ပျိုး စွမ်းအားမြှင့်တင် ခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန်ပြောကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးတင်ပြ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုး စွမ်းအား မြှင့်တင်ရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်သွား မည့် စီမံ ချက်များ ကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်လျာထားစီမံချက်များနှင့် စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ဆောင်ရွက်နေမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦးတို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက် ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက် ထားရှိမှုအခြေအနေ၊ စိုက်ပျိုးရေး ထုတ်ကုန်များတိုးတက် ထုတ်လုပ် နိုင်ရန်အတွက် ပံ့ပိုး ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကလိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး အတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေ ၊ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး အတွက် ဓါတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဆက်လက်ထုတ်လုပ်ရန် လျာထားမှု အခြေအနေ တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက်နေပြည်တော်ကောင်စီဥက္ကဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း ဝမ်းစာဖူလုံရေး ဆောင််ရွက် ထားရှိမှုနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန နှင့် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆီအုန်းနှင့် ရော်ဘာ စိုက်ပျိုး ထုတ်လုပ် ရေးအတွက် သုတေသနပြု ဆောင်ရွက်လျက်ရှိမှု ရာသီဥတုပြောင်းလဲမှုကြောင့် ဆည်တမံ များအတွင်း ရေဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် ရေသုံးစွဲမှုများကို ယာယီရေထိန်းဆည်များ ၊ တမံများ ဆောက်လုပ်၍ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်သူများနှင့် တောင်သူများ ပါဝင်ဆောင် ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ရေ အလေအလွင့် နည်းပါးစေရေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသီးနှံများဖွံ့ဖြိုးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု ၊လယ်ယာကဏ္ဍ ဆိုင်ရာ သတင်းအချက်အလက်များပြုစုလျက်ရှိမှု စက်မှုလယ်ယာကဏ္ဍ ဖော်ဆောင်လျက်ရှိမှုနှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များရရှိရေး ဆောင်ရွက်လျက်ရှိမှု ၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးထပ်စွမ်းအား မြှင့်တင် ရေးအတွက် တောင်သူများပါဝင်လာရေး ဆောင်ရွက်လျက်ရှိမှု အခြေ အနေ များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ်ဖြည့်စွတ်မှာကြား
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စက်မှုလယ်ယာစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူစိုက်ပျိုးရေးလုပ်ငန်းများပိုမိုဖွံဖြိုးတိုးတက် စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးနှံအထွက်နှုန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ ခေတ်မှီစက်ကိရိယာများဖြင့် စိုက်ပျိုးခြင်း နှင့်ရိတ်သိမ်းခြင်း များကိုလည်းဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လေ လွင့်ဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ်ပြီး စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ ကုတ်ထုတ်လမ်းများဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များကို လွယ်ကူ လျင်မြန်စွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လယ်မြေများဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာ မြေများကို အခြားနည်း များဖြင့် အသုံးချခြင်းမရှိစေရေး ကြပ်မတ် ဆောင်ရွက် ရန်လိုကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧက ချင်းအထွက်နှုန်းများ တိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် အဓိကကျသော မြေအောက် ရေထုတ်ယူသုံးစွဲရေးအတွက် မူဝါဒ ကို တိတိကျကျ သတ်မှတ်ရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်းကောင်းမွန်စေရန် သဘာဝမြေြသဇာ သို့မဟုတ် ဓာတ်မြေြသဇာ အသုံးပြုရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ရရှိနိုင်သည့် သဘာဝမြေြသဇာကို ပြည့်စုံ ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သုံးစွဲသွားနိုင်ရန် လိုအပ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော် ၏မြို့တော် ဖြစ်သောကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များထဲတွင် စံပြဖြစ်ရန်လို အပ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်လျှင် နှစ်သီးမှသုံးသီးအထိစိုက်ပျိုးရန်၊ တစ်ဧကအထွက်နှုန်း တိုးတက် အောင် ဆောင်ရွက်ရန်နှင့် စိုက်ဧကများ လျော့နည်းသွားမှု မရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရန် ဒေသရေမြေ ၊ရာသီဉတုနှင့် ကိုက်ညီသည့်သီးနှံများ ကိုပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း ၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း၊ ဆီအုန်းစိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သတ််မှတ်ထားသည့် စိုက်ပျိုးမြေများတွင် အပြည့်အဝစိုက်ပျိုးမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဒူးရင်းသီးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း တိုးတက်အောင်ဆောင်ရွက်ရန် လိုသကဲ့သို့ ကိုကိုးများနှင့် အုန်းစိုက်ပျိုးမှုများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေလိုကြောင်း၊ ဒေသအလိုက်ထွက်ရှိသည့် ရာသီ သီးနှံများသည်လည်း စိုက်ပျိုးရေးတောင်သူများအတွက် ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်သဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နိုင်ငံတော်အနေဖြင့် မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ဒေသအလိုက် အစီအစဉ်များဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ရော်ဘာများ စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းမွန်စေရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရော်ဘာအထွက်နှုန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ဆီအုန်းများစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ အနိမ့်ဆုံးလိုအပ်ချက်ဖြစ်ရန်လိုကြောင်း၊ ရေပေးဝေမှု နှင့်ပတ်သက်၍ အလေအလွင့် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရေသွယ်စနစ်နှင့် ရေဖြန်းစနစ်များကို စနစ်တကျဖြင့် ဆောင်ရွက်၍ ရေကိုအကျိုးရှိရှိ အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသန လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်သကဲ့သို့ အချို့သော လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ဆောင်ရွက်သင့်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့်သီးနှံ၊ နိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းစေမည့် သီးနှံများကို ဦးစားပေးအနေဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ထိန်းသိမ်းရမည့် ပေါ်ဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏ မျိုးရင်းများကို ထိန်းသိမ်းရန်လိုသကဲ့သို့ အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးများ ပိုမိုတိုးတက်လာအောင် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ပန်းမန်နှင့်ပတ်သက်၍လည်း မေမြို့ပန်း၊ ဒေလီယာပန်းနှင့် အခြားမိမိတို့နိုင်ငံမှထွက်ရှိသည့် ပန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် သုတေသနပြု ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေစိုက်ဧကများနှင့် စိုက်ပျိုးသည့်သီးနှံစာရင်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လူသန်း(၁၀၀) အတွက် စိုက်ပျိုးမြေ လုံလောက်စွာရှိရန် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် စက်ယန္တရား များကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ပြီး အသုံးပြုနိုင် ရန်လိုကြောင်း ၊ စက်သုံးဆီဖြင့်အသုံးပြုသည့် စက်ယန္တရား များရှိသကဲ့သို့ လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် စက်စက်ယန္တရား များကိုလည်း အသုံးပြုနိုင်ရေး ရေရှည်မျှော်တွေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လူသားအရင်းအမြစ်များလိုအပ်လျက်ရှိသဖြင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက် သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့်ဆရာ၊ဆရာမများ မွေးထုတ် ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ထူးချွန်သူများကိုလည်း ချီးမြှင့်ပေးရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက်ရောက်လာကြသူများအနေဖြင့် ပြည့်စုံစွာရှင်းလင်းဆွေးနွေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်နှင့် သီးထပ်စွမ်းအားများကို မြှင့်တင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း ၊ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် နယ်ပယ် ပေါင်းစုံမှ စဉ်းစား၍ ဆောင်ရွက်ကြစေလိုကြောင်း ။
သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံ့အကျိုးစီးပွားအတွက် သုတေသနလုပ်ငန်း များကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ပြည်သူများအနေဖြင့် အသိပညာအားနည်းသည်ကို တွေ့ရှိရကြောင်း၊ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူများ အနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်း များဖြင့် ပညာပေးဆောင်ရွက်နိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊မြေ၊ ရေ၊ နည်းလေးမျိုးစလုံးပြည့်စုံအောင် ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်း များ တိုးတက်လာမည် ဖြစ်ကြောင်း၊ မြေယာပြုပြင်ခြင်းလုပ်ငန်းသည် စိုက်ပျိုးရေးအတွက် အဓိကကျကြောင်း၊ ချောင်း၊ မြောင်းများအတွင်း စီးဆင်းနေသည့်ရေများကို ယာယီ ရေပိတ်တမံ များပြုလုပ်၍ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးချနိုင် ရန်လိုကြောင်း၊ စိုက်နည်းစနစ် မှန်ကန် စေရေးအတွက် ပင်ခြား၊တန်းခြားများ မှန်ကန်ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်နည်းစနစ်များ မှန်ကန်မှသာ အထွက်နှုန်းကောင်း မွန်မည်ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအမြတ်များကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊အဆိုပါအချက်လေးချက်ကို လိုက်နာပြီးဆောင်ရွက်မှ မိမိတို့ မျှော်မှန်း ထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေခံ၊မြေခံကောင်းများ ရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ပို့ကုန်များ၊ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ့စီးပွားများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အစည်း အဝေးတက်ရောက်လာကြသူများသည် ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ရေဆင်းစိုက်ပျိုးရေး သုတေ သနဦးစီးဌာနကသုတေသနပြု စိုက်ပျိုးထုတ်လုပ်ထားသည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နေကြာ၊ ဆီထွက်သီးနှံများ၊ မီးဖိုချောင်သုံးသီးနှံများ၊ ပန်းပေါင်းစုံပျားရည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြမှုများ အပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။