စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်မှုတွင် မျိုးကွဲပယ်ခြင်း၏ အရေးပါသောအခန်းကဏ္ဍ

4
5
6
2
1
3
8
7
4 5 6 2 1 3 8 7

ယနေ့ကမ္ဘာတွင် စပ်မျိုးနေကြာထုတ်လုပ်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ၏ ဆန်းသစ်သော အောင်မြင်မှုတစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။ အောင်မြင်သည့် စပ်မျိုးနေကြာ မျိုးစေ့များ ဖန်တီးခြင်း လုပ်ငန်းစဉ်တွင် ၎င်းတို့၏ ထူးခြားသော သန်စွမ်းမှုနှင့် အထွက်နှုန်း အလားအလာတို့ နှင့်အတူ အခြားကြိုးကိုင်ထားသည့် အကြောင်းအရာများ လည်းပါဝင်ပါသည်။ ယင်းတို့ထဲတွင် မျိုးကွဲပယ်ခြင်းသည် စပ်မျိုးနေကြာ ထုတ်လုပ်ခြင်း၏ အောင်မြင်မှုအတွက် အညတရ သူရဲကောင်း တစ်ဦးပမာ ဖြစ်သော်လည်း ငြင်းမရနိုင်လောက်အောင် အရေးပါသည့် လုပ်ဆောင်ချက် တစ်ခုပင် ဖြစ်သည်။

နေကြာစပ်မျိုးသည် မိဘလိုင်းနှစ်ခု အမလိုင်း (A) နှင့် အဖိုလိုင်း (R) ပေါင်းစပ်မှုမှ ပေါက်ဖွားရရှိသည်။ အဆိုပါ မိဘလိုင်းနှစ်ခု အမလိုင်း (A) နှင့် အဖိုလိုင်း (R) ပေါင်းစပ်မှုမှ ပေါက်ဖွားလာသော စပ်မျိုးနေကြာသည် သီးနှံအထွက်နှုန်းလျော့နည်းမှုကို တွန်းလှန်ရန်နှင့် စိုက်ပျိုးရေး ရေရှည်တည်တံ့ရန်အတွက် အထောက်အကူပြုနိုင်မည့် အလားအလာကောင်း တစ်ခုဖြစ်ပါသည်။

သို့ရာတွင် ဤအလားအလာရှိမှုကို မျိုးကွဲပယ်ခြင်းကဲ့သို့သော အလေ့အကျင့်ကောင်းများကို ညီညွတ်မျှတစွာ/ မှန်ကန်တိကျစွာ ပြုလုပ်နိုင်မှသာလျှင် အောင်မြင်သည့် စပ်မျိုးနေကြာထုတ်လုပ်ခြင်းအား အပြည့်အဝ အကောင်အထည် ဖော်နိုင် မည်ဖြစ်သည်။

မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆိုသည်မှာ မလိုလားအပ်သော အပင်များအား ဖယ်ရှား ခြင်း ဖြစ်သည်။ မျိုးကွဲပယ်ခြင်းလုပ်ငန်းသည် စေ့စပ်သေချာစွာ ဆောင်ရွက်ရသောကြောင့် လုပ်အားစိုက်ထုတ်မှု အထူးလိုအပ်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။

မျိုးရိုးဗီဇသန့်စင်မှုရှိစေရန်၊ အပင်ညီညာမှုရှိစေရန်၊ မျိုးစေ့အထွက်နှုန်းကို အကောင်း ဆုံးဖြစ်အောင်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အထောက်အကူဖြစ်စေရန် အတွက် မျိုးကွဲပယ်ခြင်းသည် အထူးအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ တွင် မျိုးကွဲပယ်ခြင်း၏ အရေးပါမှု

မျိုးရိုးဗီဇသန့်စင်မှု မြင့်မားစေခြင်း

မျိုးရိုးဗီဇသန့်စင်မှုကို ထိန်းသိမ်းခြင်းသည် စပ်မျိုးနေကြာစေ့ထုတ်ခြင်းတွင် အဓိက ပန်းတိုင် ဖြစ်သည်။ စပ်မျိုးနေကြာဆိုသည်မှာ ဗီဇမတူညီသော မိဘနှစ်မျိုး ပေါင်းစပ်ခြင်းမှ ရရှိလာသော မိဘနှစ်ပါးထက် သာလွန်ကောင်းမွန်သည့် မျိုးများကိုခေါ်ဝေါ်ခြင်း ဖြစ်သည်။

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲများပါဝင်လာခြင်းသည် စပ်မျိုးများ၏ ဗီဇသန့်စင်မှုကို ထိခိုက်နိုင်သည့်အပြင် စပ်မျိုးစေ့များ၏ အရည်အသွေးကို ထိခိုက် စေနိုင်သည့်အတွက် မျိုးကွဲပယ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။

အပင်ညီညာမှု ကောင်းမွန်စေခြင်း

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ လုပ်‌ဆောင်မှုတွင် မိဘလိုင်းများ၏ ပင်ပိုင်းဆိုင်ရာ လက္ခဏာများ ညီညာမှုရှိစေခြင်းသည် အလွန်ရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။

မိဘလိုင်းများတွင် မျိုးကွဲပင်များ ပါဝင်နေမှုသည် ထွက်ရှိလာမည့်စပ်မျိုးများတွင် အပင်အမြင့်၊ ပန်းပွင့်ချိန်၊ မျိုးစေ့အရွယ်အစားနှင့် ရောဂါခံနိုင်ရည်ရှိမှုစသည့် လက္ခဏာရပ်များတွင် ကွဲပြားမှု ဖြစ်စေနိုင်ပါသည်။

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်းသည် စပ်မျိုးနေကြာမျိုးများ၏ အပင်ညီညာမှုရှိစေရန်နှင့် မျိုးစေ့အရည်အသွေးကောင်းမွန်မှုရှိစေရန် သေချာစေနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။

မျိုးစေ့အထွက်နှုန်း မြင့်မားခြင်း

စပ်မျိုးနေကြာများသည် သဘာဝဝတ်မှုန်ကူးမျိုးများနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်း မြင့်မား သော စွမ်းရည်ရှိကြပါသည်။

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲပယ်ခြင်းသည် မျိုးစေ့အထွက်နှုန်း မြင့်မားသည့် စပ်မျိုးနေကြာမျိုးများကို ရရှိစေပါသည်။

ရောဂါနှင့်ပိုးမွှားစီမံခန့်ခွဲမှု ကောင်းမွန်စေခြင်း

စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများအတွင်းရှိ မျိုးကွဲပင်များသည် ရောဂါပိုးမွှားများ၏ လက်ခံပင်များဖြစ်စေနိုင်ပြီး စပ်မျိုးနေကြာထုတ်လုပ်သည့် စိုက်ကွက်တစ်ခုလုံးအား ထိခိုက်စေနိုင်ပါသည်။ ထိုမျိုးကွဲပင်များအား ဖယ်ရှားခြင်းသည် ရောဂါနှင့် ပိုးမွှား ပြန့်နှံ့မှုကို လျော့ကျစေနိုင်ပြီး ဓါတုဆေးများသုံးစွဲမှုကို လျော့ကျ စေနိုင်ပါသည်။

စပ်မျိုးစေ့ထုတ်လုပ်မှုတိုးတက်လာစေခြင်း

မျိုးကွဲပယ်ခြင်းသည် စပ်မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံး တွင် များစွာ အကျိုးရှိပြီး ထိရောက်မှုရှိသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။ စပ်မျိုးနေကြာ မျိုးစေ့ ထုတ်စိုက်ခင်းများအတွင်းရှိ မလိုလားအပ်သော အပင်များအား ဖယ်ရှားခြင်းသည် အဖိုးတန် အရင်းအမြစ်များကို ထိန်းသိမ်းထားပြီး မျိုးစေ့ထုတ်လုပ်မှု တိုးတက် လာစေမည် ဖြစ်ပါကြောင်း စပ်မျိုးနေကြာ စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကွဲပယ်ခြင်း၏ အခန်းကဏ္ဍအား မှတ်တမ်းပြု ဖော်ပြ အပ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန-FarmerChannel