စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါးသားတက်ဆင့်ပွားနည်းပညာ

5
6
1
3
4
2
7
8
5 6 1 3 4 2 7 8

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းစနစ်တွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာသည် ယခင်စပါးလမိုင်းစိုက်ပျိုးနည်းပညာကို ပြန်လည်ပြုပြင်ထားသော စိုက်ပျိုးနည်းပညာတစ်ခုဖြစ်ပါသည်။ စနစ်တကျဆောင်ရွက်လျှင် မိခင်ပင်ကဲ့သို့ သားတက်ဆင့်ပွားပင်များမှာ အထွက်ကောင်းပြီးစပါးမျိုး၏ သက်တမ်းအလိုက် တစ်နှစ်လျှင် (၂) သီးမှ (၃) သီးအထိ ရိတ်သိမ်းနိုင်မည်ဖြစ်ပါသည်။ နည်းပညာ၏ အဓိက ဆောင်ရွက်ရမည့် အချက်များမှာ ရိုးပြတ်ဖြတ်ချိန်နှင့်ရိုးပြတ်အမြင့်၊ မြေဩဇာနှင့် စိုက်ပျိုးရေ အသုံးချမှုတို့ပင် ဖြစ်ပါသည်။

လုပ်ဆောင်ရမည့်နည်းပညာအဆင့်အဆင့်မှာ

မိခင်ပင်ကို ပျိုးထောင်ကောက်စိုက်(သို့မဟုတ်) ပျိုးဗန်းဖြင့် ပျိုးထောင်ပြီး ကောက် စိုက်စက်ဖြင့် စိုက်ပေးရမည်။

မိခင်ပင်ကိုရိတ်သိမ်းရာတွင် အပင်၏ဇီဝကမ္မရင့်မှည့်ချိန်တွင် ရိတ်သိမ်းပေးရပြီး ယင်း အချိန် တွင် ရိုးတံများမှာ စိမ်းနေစေရမည်။

မရိတ်သိမ်းမီ (၁၀-၁၄) ရက်အတွင်း နိုက်ထရိုဂျင်မြေဩဇာ နှင့် ဖော့စဖိတ်ဓာတ်မြေဩဇာ များကို ထည့်သွင်းပေးရမည်။ သို့မှသာ မိခင်ပင်မှာ အာဟာရဓာတ်ပြည့်ဝပြီး သားတက်များ ထွက်လာမည်ဖြစ်သည်။

မရိတ်သိမ်းမီ နှင့် ရိတ်သိမ်းပြီး (၇-၁၀) ရက်အတွင်း မြေဆီလွှာကို အခြောက်ခံထားပေး ရမည်။ (မိခင်ပင် မညှိုးစေရ)

ရိတ်သိမ်းရာတွင် ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိုးပြတ်ကို မြေပြင်အထက် (၂) လက်မချန်၍ တိုက်ရိုက်ရိတ်သိမ်းပေးရမည်။

ရိတ်သိမ်းပြီးချိန်မှစ၍ (၃-၇) ရက်အတွင်း ပင်စည်အဆစ်များရှိ အဖူးများမှ ပင်ပွားများသည် ၎င်းတို့၏ အမြစ်များနှင့်အတူထွက်လာပြီး အစာအာဟာရ ဓာတ်စု ပ်ယူ ရာတွင် မိခင်ပင် ဟောင်းကို မှီခိုစရာမလိုတော့သည့် သားတက်ဆင့်ပွား ပင်များ ဖြစ်လာပါမည်။

သားတက်ဆင့်ပွားပင်ထွက်လာပြီး (၇-၁၀) ရက်အတွင်း ရေပါးပါးလွှမ်း ပေးရမည်။

ပင်သေ၊ ပင်ပျောက်များအတွက် ပင်ပွားများသောအပင်မှ သားတက်များ ခွဲ၍၊ ဖာပေးရမည် ဖြစ်ပါသည်။

ထို့နောက် ပေါင်းလိုက်ခြင်း၊ မြေဩဇာကျွေးခြင်းများကို သမရိုးကျလုပ်ဆောင်နည်း အတိုင်း ဆောင်ရွက်ပေးလျှင် မိခင်ပင်ကဲ့သို့ အထွက်နှုန်းကို ရရှိမည်ဖြစ်ပါသည်။

စပါးသားတက်ဆင့်ပွား စိုက်ပျိုး နည်းပညာ အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာဖြင့် ရေ၊ မြေ၊ ရာသီဥတုနှင့် မြေဩဇာများကို စနစ်တကျအသုံးချနိုင်လျှင် မိခင်ပင်နှင့်ကွာခြားမှုမရှိသော အထွက်နှုန်းကို ရရှိနိုင်ပါသည်။

သားတက်ဆင့်ပွားပင်များသည် မိခင်ပင်ထက်သက်တမ်းတိုခြင်း၊ မိခင်ပင်ကဲ့သို့ ပျိုးခင်း မပြင်ရခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် သမန်းမပြင်ရခြင်း၊ လက်ကျန်အစိုဓာတ်ဖြင့် ရှင်သန်ကြီးထွားကာလ များစွာရရှိခြင်းတို့ကြောင့် မျိုး၊ လုပ်အားခ၊ စိုက်ပျိုးရေနှင့် အချိန် တို့ကို ချွေတာနိုင်ပါသည်။

ဤနည်းပညာသည်စပါးသီးနှံစိုက်ပျိုးရာတွင် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော ဓာတ်ငွေ့များထဲမှ မီသိန်းဓာတ်ငွေ့ထွက်ရှိမှုကို လျှော့ချနိုင်သည့်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် စပါးစိုက်ပျိုးနည်းပညာ ဖြစ်ပါသည်။

စပါးရိတ်သိမ်းရာတွင် ရိုးပြတ်အမြင့်ကိုမြေပြင်အထက် (၂) လက်မချန်၍ ရိတ်သိမ်း ချွေလှေ့စက်ဖြင့် တစ်ကြိမ်တည်းရိတ်သိမ်းပေးခြင်းသည် သားတက်ဆင့်ပွားပင်များ ကောင်းမွန်စွာ ရှင်သန်ကြီးထွားလာပြီး၊ မိခင်ပင်နှင့်ကွာခြားမှုမရှိသော အထွက်နှုန်းကို လည်း ပေးစွမ်းနိုင်သည့်အပြင် ရိတ်သိမ်းချိန် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်ပါသည်။

မိခင်ပင်မှ ထွက်ရှိလာသောသားတက်များ၏မျိုးစေ့သည် မိခင်ပင်ကဲ့သို့မှန်ကန် သောမျိုးစေ့ဖြစ်သဖြင့် မျိုးဝယ်ယူရန်အခက်အခဲရှိသောတောင်သူများအတွက် မျိုးကောင်း မျိုးသန့်မျိုးစေ့ကို အလွယ်တကူရရှိနိုင်ပါသည်။

စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာဖြင့်စပါးသီးနှံကိုတစ်နှစ်လျှင်စပါးမျိုး သက်တမ်းအလိုက် ၂ သီးမှ ၃ သီးအထိ ရိတ်သိမ်းနိုင်ပါသည်။

ဤစိုက်ပျိုးနည်းပညာဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်မြင့်မားစေကာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာခြင်း ပြဿနာကို ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။