စပါးပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်တွင် အပူချိန်အမျိုးမျိုးပေး၍ စပါးပင်၏ကြီးထွားမှုလက္ခဏာ များအား အကဲဖြတ်လေ့လာခြင်းစာတမ်းအားဖတ်ကြားခြင်း
၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၁) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင် များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင်ကာလ အတွင်းတင်သွင်းခဲ့ သော သုတေသနစာတမ်းအား အသိ ပညာမျှဝေသည့် သုတေသနစာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုအဆင့်တွင် အပူချိန်အမျိုးမျိုးပေး၍ စပါးပင်၏ကြီးထွားမှုလက္ခဏာများအား အကဲဖြတ်လေ့လာခြင်းခေါင်းစဉ်ဖြင့် စာတမ်းရှင် ဒေါ်ယဉ်မြတ်မြတ်မင်းမှ ဖတ်ကြားတင်သွင်းခဲ့ ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်မှ ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန်သည် စပါးစိုက်ပျိုးထုတ်လုပ်ရေးတွင် အရေး ကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်လာပြီး ၎င်းအပူချိန်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးမှုများကို များ စွာလွှမ်းမိုးနိုင်ကြောင်း ၊ ထို့ကြောင့် ဤသုတေသနတွင် စပါးပင်၏ပင်ပိုင်း ကြီးထွားမှုအဆင့်၌ အပူချိန်ကြောင့် ပြောင်းလဲသွားသည့် ကြီးထွားမှုလက္ခဏာများကို လေ့လာ ခဲ့ပါကြောင်း မိတ်ဆက်တင်ပြခဲ့ပါသည်။
စာတမ်းရှင်မှ သူမ၏သုတေသနအားဆောင်ရွက်ရာတွင် စပါးပင်များအား အိုးထဲသို့ရွှေ့ပြောင်းစိုက်ပျိုးပြီးသည့်အချိန်မှစ၍ အပူချိန်ကို ထိန်းချုပ်ထားသည့်အခန်း (Phytotron) ထဲတွင် ရွှေ့ပြောင်းစိုက်ပျိုးခဲ့ပါကြောင်း၊ စမ်းသပ်ခဲ့သည့် အပူချိန် (၃) ခုမှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ ၂၁ ဒီဂရီစင်တီဂရိတ် နှင့် ၂၄ ဒီဂရီစင်တီဂရိတ် တို့ ဖြစ်ပါကြောင်း၊ စပါးပင်များအား ရွှေ့ပြောင်းစိုက်ပျိုးသည့် ရက်မှစ၍ အနှံသန္ဓေလောင်းစတင်သည့် အဆင့်ထိ အပူချိန်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကိုဆက်လက်တင်ပြပေးခဲ့သည်။
စာတမ်းရှင်၏တွေ့ရှိချက်များအရ အပူချိန်သည် စမ်းသပ်စပါးမျိုး (၂)မျိုး၏ ပန်းစတင်ပွင့်ရက်ကို သိသိသာသာလွှမ်းမိုးနိုင်ကြောင်းတွေ့ရှိိရပြီး ၁၈ ဒီဂရီစင်တီဂရိတ်သည် ပန်းစတင်ထွက်နိုင်ရန် အကြာဆုံးပင်ဖြစ်ပါကြောင်း၊ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တွင် ပင်မြင့်သည် အခြားအပူချိန်များ အထက် ၂၁ ရာခိုင်နှုန်း ပို၍ပုကြောင်းတွေ့ရှိရပါကြောင်း၊ သို့ရာတွင် ပင်ပွားနှင့် အဓိက ပင်စည် ပေါ်ရှိအရွက်အရေတွက်များမှာလည်း ၁၈ ဒီဂရီစင်တီဂရိတ်တွင် ပို၍များကြောင်း တွေ့ရှိ ရပါ ကြောင်း၊ ကောက်ယူခဲ့သည့် ရုပ်သွင်ပြင်လက္ခဏာများ၏ ကြီးထားမှုနှုန်းထားကို လေ့လာရာတွင် ၁၈ ဒီဂရီစင်တီဂရိတ်ရှိ အပင်များ၏ ကြီးထားမှုမှာ အနှေးဆုံးဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ အခြောက်ဝတ္တုအလေးချိန်သည် ၁၈ ဒီဂရီစင်တီဂရိတ်ရှိ ပင်စည်ထဲတွင် အများဆုံးဖြစ်၍ နိုင်တြိုဂျင်ပါဝင်မှုရာခိုင်နှုန််းမှာ ၁၈ ဒီဂရီစင်တီဂရိတ်ရှိ အရွက်များထဲတွင် အများဆုံး ဖြစ် ကြောင်း တွေ့ရှိရပါကြောင်း၊ အပင်မှစုပ်ယူနိုင်သော ဖော့စ်စဖိတ်နှင့် ပိုတက်စီယံ ပမာဏများသည် ၂၁ နှင့် ၂၄ ဒီဂရီစင်တီဂရိတ်များ၏ ပင်စည်ထဲတွင် အများဆုံး ဖြစ်ကြောင်းစသည်တို့ကိုမျှဝေပေးခဲ့ပါသည်။ ထို့ပြင် မော်လီကျူလာနည်းပညာဖြင့် စပါးပင်၏ အာဟာရများကို လွှမ်းမိုးသော ဗီဇများကိုဖော်ထုတ်ရာ ၁၈ ဒီဂရီစင်တီဂရိတ်ရှိ အရွက်နှင့် ပင်စည် (၂) ခုစလုံးတွင် ပို၍ဖော်ထုတ်နိုင်ကြောင်း တွေ့ရှိရ ပါကြောင်းနှင့် Cytokinin နှင့် Auxin ဟော်မုန်း (၂)မျိုးကို ဖော်ထုတ်ရာ Cytokinin ဟော်မုန်းကို အပူချိန်၁၈ ဒီဂရီစင်တီဂရိတ်ရှိ အရွက်ထဲတွင် ပို၍ဖော်ထုတ်နိုင်ပြီး Auxin ဟော်မုန်းကို အပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်ရှိ ပင်စည်ထဲတွင် ပို၍ဖော်ထုတ်နိုင်ကြောင်းတွေ့ရှိရပါကြောင်းတို့ ကိုဗဟုသုတ ဖြစ်ဖွယ် မျှဝေးပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလိုသည်များအား မေးမြန်းဆွေးနွေး ခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။