စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါးတွင် line × tester analysis ကိုအသုံးပြု၍ စပ်မျိုးစွမ်းရည်နှင့် ပေါင်းစပ်စွမ်းရည် ရှာဖွေခြင်း

IMG_8243
IMG_8274
IMG_8231-001
IMG_8245
IMG_8232
IMG_8243 IMG_8274 IMG_8231-001 IMG_8245 IMG_8232

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင် ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသန စာတမ်းအား အသိပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၁) ရက်က ကျင်းပခဲ့ရာ “စပါးတွင် line × tester analysis ကိုအသုံးပြု၍ စပ်မျိုးစွမ်းရည်နှင့် ပေါင်းစပ်စွမ်းရည် ရှာဖွေခြင်း’ဆိုသည့်ခေါင်းစဉ်ဖြင့် စာတမ်းရှင်ဖြစ်သည့် ဒေါ်ခိုင်မြင့်ဌေးမှ ဖတ်ကြား ခဲ့ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြား ရေးမှူး များ၊ ဖိတ်ကြား ထားသည့် ဧည့်သည် တော်များ၊ သုတေသနဌာနစု အသီးသီးမှ ဌာနစုတာဝန်ခံများ၊ သုတေသီ ပညာရှင်များ တက် ရောက် ခဲ့ကြပါ သည်။

စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ဖြစ်သည့် ဒေါ်ခိုင်မြင့်ဌေးမှ စပ်မျိုးစပါးမွေးမြူခြင်းတွင် ဗီဇကောင်းမွန်သော မိဘလိုင်းများ ရွေးချယ်ခြင်းသည် အဓိက လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် အထွက်နှင့် အထွက်နှုန်း မိတ်ဖက် လက္ခဏာများ၏ ပေါင်းစပ် စွမ်းရည်နှင့် စပ်မျိုးစွမ်းရည်ကို ရှာဖွေရန် ရည်ရွယ်ချက်ထားရှိ၍အမလိုင်း(၃)လိုင်းနှင့် အဖိုလိုင်း (၇)လိုင်း ကို line × tester mating design ဖြင့် ၂၀၁၉ ခုနှစ်၊ နွေရာသီတွင် မျိုးစပ်၍ ရရှိလာသော စပ်မျိုး(၂၁)မျိုးနှင့် ၎င်းတို့၏ မိဘလိုင်း (၁၀) မျိုး၊ စံထားမျိုး (၁)မျိုးတို့ကို ကျဘမ်း အကွက်ချစနစ်ကို အသုံးပြု၍ ထပ်ပြုကြိမ် (၃)ကြိမ်ဖြင့် ၂၀၁၉ ခုနှစ်၊ မိုးရာသီနှင့် ၂၀၂၀ ခုနှစ်၊ နွေရာသီတို့တွင် စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။

စာတမ်းရှင်၏ လေ့လာတွေ့ရှိချက်များအရ မိဘမျိုးလိုင်း များနှင့် စပ်မျိုးအတွဲများ၏ အထွက်နှုန်းနှင့် အထွက်နှုန်း မိတ်ဖက် လက္ခဏာများသည် ရာသီ(၂)ခုလုံးတွင် သိသိသာသာ ကွာခြား သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မျိုးလိုင်းများ တစ်ခုနှင့်တစ်ခုသည် ကွဲလွဲမှု မြင့်မား သောကြောင့် မျိုးရွေးချယ်ခြင်းလုပ်ငန်းများ ပြုလုပ် သင့်ပါကြောင်း။

line × tester interaction သည် ရာသီ(၂)ခုလုံးတွင် သိသာစွာ ကွာခြားမှုရှိသောကြောင့် လွမ်းမိုးဗီဇက ပိုမိုအားသာသည်ဟု ကောက်ချက်ချနိုင်ပါကြောင်း၊ လက္ခဏာများ၏ အထွေထွေ ပေါင်း စပ်စွမ်းရည် ကွဲလွဲချက်နှင့် သီးသန့်ပေါင်းစပ်စွမ်းရည် ကွဲလွဲချက်သည် ရာသီနှစ်ခုလုံးတွင် သိသာစွာ ကွာခြားမှုရှိသည့်အတွက် ပေါင်းစပ်ဗီဇနှင့် လွမ်းမိုးဗီဇတို့ အတူတကွ ထိန်းချုပ် နေသည်ကို သိရှိရပါကြောင်း၊ ရာသီနှစ်ခုလုံးတွင် သီးသန့် ပေါင်းစပ်စွမ်းရည် ကွဲလွဲချက်သည် အထွေထွေပေါင်းစပ် စွမ်းရည် ကွဲလွဲချက်ထက် သာလွန်သောကြောင့် လွမ်းမိုး ဗီဇက အဓိကကျသည်ဟု သုံးသပ်နိုင်ပါကြောင်း၊ စုစုပေါင်း ကွဲလွဲချက်အပေါ် မိဘမျိုးလိုင်းနှင့် ၎င်းတို့ အချင်းချင်း တုံ့ပြန်မှုတို့၏ အချိုးကျပါဝင်မှုသည် အသုံးပြူသော မျိုးလိုင်းများ၏ ဗီဇကွဲလွဲမှုများ နှင့် စမ်းသပ်သော ရာသီ ပေါ်မူတည်၍ ကွဲပြားမှုရှိကြောင်း တွေ့ရှိရပါကြောင်း။

အထွေထွေပေါင်းစပ်စွမ်းရည် တွေ့ရှိချက်အရ မိဘမျိုးလိုင်းများ၏ လက္ခဏာများ အားလုံး တွင် ဘက်စုံ ကောင်းမွန်သော ဗီဇများ တစ်ဆက်တစ်စပ်တည်း ပါဝင်မှု မရှိသည်ကို တွေ့ရ ပါကြောင်း၊ အမလိုင်း YHRSA နှင့် အဖိုလိုင်း MH-63R တို့၏ အထွက်နှင့် အထွက်နှုန်း မိတ်ဖက်လက္ခဏာ အများစုသည် ရာသီနှစ်ခုလုံးတွင် အထွေထွေပေါင်းစပ်စွမ်းရည် ကောင်း သော မိဘများ ဖြစ်ကြောင်းတွေ့ရပါကြောင်း။

သီးသန့်ပေါင်းစပ်စွမ်းရည် တွေ့ရှိချက်တွင်လည်း စပ်မျိုးအတွဲများ၏ လက္ခဏာများ အားလုံးတွင် ဘက်စုံ ကောင်းမွန်သော ဗီဇများ တစ်ဆက်တစ်စပ်တည်း ပါဝင်မှုမရှိသည်ကို တွေ့ရပါကြောင်း၊ YHRSA/MH-63R စပ်မျိုးအတွဲသည် ရာသီနှစ်ခုလုံးတွင် သီးသန့်ပေါင်းစပ် စွမ်းရည် ကောင်းသော စပ်မျိုးအတွဲ ဖြစ်ကြောင်းတွေ့ရပါကြောင်း။

စပ်မျိုးစွမ်းရည် တွေ့ရှိချက်အရ အကောင်းဆုံး မိဘထက် စပ်မျိုးစွမ်းရည်သာလွန်မှု ရာခိုင်နှုန်း၊ စံထားမျိုးထက် စပ်မျိုးစွမ်းရည် သာလွန်မှု ရာခိုင်နှုန်း တို့သည် စပ်မျိုးအတွဲများ၏ လက္ခဏာအပေါ် မူတည်၍ ကွဲပြားမှုရှိကြောင်း တွေ့ရပါကြောင်း အသိပေးမျှဝေပေးခဲ့ပါသည်။

စာတမ်းရှင်မှ သူမ ယခုရှာဖွေတွေ့ရှိခဲ့သော YHRSA/MH-63R နှင့် YHRSA/SAT-15R တို့သည် ရာသီနှစ်ခုလုံးတွင် အထွေထွေပေါင်းစပ်စွမ်းရည် ကောင်း၍ စံထားမျိုးထက် စပ်မျိုး စွမ်းရည် သာလွန်မှုရာခိုင်နှုန်း နှင့် အကောင်းဆုံးမိဘထက် စပ်မျိုးစွမ်းရည်သာလွန်မှု ရာခိုင်နှုန်း မြင့်မားသည့် စပ်မျိုးအတွဲများ ဖြစ်သောကြောင့် စပ်မျိုးစပါး မေွးမြူထုတ်လုပ်ရာတွင် မျိုးလိုင်း အသစ် အဖြစ် အသုံးပြုနိုင် မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် သုတေသီပညာရှင် များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလို သည်များအား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ခဲ့ ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြ အပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန