စတုတ္ထအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များဆွေးနွေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ နဝရတ်ခန်းမတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ခုနှစ် မတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာ အောင်မိုးမျိုးတင့် နှင့် ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုးရေးသုတေသန ဂျာနယ်ကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှအဖွင့်အမှာစကားပြောကြားရာ မိမိတို့အနေဖြင့် နှစ်စဉ် ဆောင်ရွက်လာသည့် စာတမ်းဖတ်ပွဲအား တနှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့သုတေသီများအနေဖြင့် သုတေသနတစ်ခု စတင်ဆောင်ရွက်သည်မှ စာတမ်းများ ရေးသားနိုင်ခြင်းဖြင့် အလုပ်တစ်ခုကို စလည်ဆုံး ပြီးဆုံးအောင်ဆောင်ရွက်နိုင်ရန်အတွက် အချိန်နှင့် မိမိတို့ဆောင်ရွက်ရမည့် အလုပ်အပေါ် စီမံခန့်ခွဲနိုင်သည့် ကိုယ်ရေးကိုယ်သွေး မြင့်မားလာစေသည့် အလေ့အကျင့်ကောင်းများ မွေးမြူတည်ဆောက်နိုင်ခြင်း စွမ်းရည်များကိုလည်း ရရှိလာမည်ဖြစ်ပါ ကြောင်း၊ ယခုနှစ် ဇွန်အတွင်းတွင်ကျင်းပမည့် စာတမ်းဖတ်ပွဲအား ပိုမိုအရည်အသွေးပြည့်ဝ၍ စိတ်ဝင်စားဖွယ် ဖြစ်စေရေးအတွက်လည်း စာတမ်းဖတ်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များမှ စိတ်အား ထက်သန်စွာဖြင့် အားစိုက်ဆောင်ရွက်ကြ နေကြသည့်အတွက်လည်း မိမိအနေဖြင့် ကျေးဇူးတင် ရှိပါကြောင်း၊ မည်သည့်လုပ်ငန်းမဆို စည်းလုံးညီညာစွာဖြင့် သူ့နေရာ၊ သူ့ကဏ္ဍအလိုက် အားလုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရလဒ်များ ရရှိနိုင်မည်ဖြစ် ပါ ကြောင်း၊ အရည်အသွေးမြင့်မားသော စာတမ်းများရရှိရေးအတွက်လည်း ကြိုစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ စာတမ်းဖတ်ပွဲဖြစ်မြောက်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စာတမ်းဖတ်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ် အသေးစိတ်အား တင်ပြခဲ့ပါသည်။
အဆိုပါတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် တာဝန်ရှိသူများမှပြန်လည် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။