စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စပါးသီးနှံဌာနစု

  • အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော စပါး မျိုးကောင်းမျိုးသန့်များ မွေးမြူထုတ်လုပ်ခြင်း၊
  • သီးနှံတိုးတက်ထုတ်လုပ်မှုကို ရေရှည်တည်တံ့ခိုင်မြဲစေမည့် မျိုးနှင့် စိုက်ပျိုးနည်းပညာ သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊
  • ပိုးမွှားရောဂါနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့်အခြေအနေများနှင့် လိုက် လျောညီထွေ မည့် မျိုးနှင့်စိုက်စနစ်များသုတေသနပြုဖော်ထုတ်ခြင်း၊
  • အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သော စပ်မျိုးစပါး (Hybrid Rice) မျိုးသစ်ထုတ်လုပ်မှု သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ရေ မြေ အခြေအနေပေးသည့်ဒေသများအတွက် အထွက်နှုန်းပိုမိုရရှိစေမည့် မျိုးနှင့်စိုက်ပျိုးနည်းစနစ် များ ဆောင်ရွက်ခြင်း၊
  • ရေမြေအခြေအနေမပေးသည့် ဒေသများအတွက် အထွက်နှုန်းတည်ငြိမ်ပြီး ကုန်ကျစရိတ် သက်သာစေ မည့် စိုက်ပျိုးနည်းစနစ်များ သုတေသနပြုဖော်ထုတ်ခြင်း၊
  • အရည်အသွေးကောင်း မျိုး ကောင်းမျိုးသန့် မျိုးစေ့ပွားများထုတ်လုပ်ခြင်း၊
  • အာဟာရဓာတ်ပြည့်ဝပြီး အရည်အသွေးကောင်း မျိုး များမွေးမြူထုတ်လုပ်ခြင်း၊
  • သီးနှံစိုက်ပျိုးရာ ပတ်ဝန်းကျင်ကို ရေရှည်ကောင်းမွန်စေမည့် အထွက်နှုန်း မြင့်မားသော စပါးမျိုးများ (Green Super Rice) မွေးမြူ ထုတ်လုပ်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် သုတေသနလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခြင်း

၁။   မျိုးကူးစပ်ခြင်း၊

၂။   သားဆက်အဆင့်ဆင့် မွေးမြူခြင်း၊

၃။   အပြည်ပြည်ဆိုင်ရာ စပါးမျိုးများလေ့လာခြင်း၊

၄။   အထွက်ယှဥ်ပြိုင်ကွက် အဆင့်ဆင့်ဆောင်ရွက်ခြင်း၊

၅။   တောင်သူပူးပေါင်းပါဝင်သော ဒေသအဆင့်မြင့် အထွက်ယှဥ်ပြိုင်ကွက် ဆောင်ရွက်ခြင်း၊

၆။   မျိုးသန့်ထိန်းသိမ်းခြင်း၊

၇။   မိဘမျိုးစေ့ပွားများခြင်း။

၄င်းလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီးနောက် အောက်ဖေါ်ပြပါအတိုင်း နေရာ ဒေသ အလိုက်ခွဲခြားကာ မျိုးကောင်း၊ မျိုးသန့်၊ အထွက်ကောင်းမျိုးစေ့များရရှိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး သုတေသန လုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်ပါသည်။

၁။ ဆည်ရေသောက်လယ်စပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၂။ မိုးရေသောက်လယ်စပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၃။ အရည်အသွေးကောင်းစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၄။ မုရင်းစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၅။ ရေငတ်ခံစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၆။ တောင်ပေါ်ယာစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၇။ ရေအနည်းလိုစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၈။ ဆားငံခံစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၉။ ရေမြှုပ်ခံစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်း

၁၀။ အပူဒါဏ်ခံစပါးမျိုးမွေးမြူထုတ်လုပ်ခြင်းသုတေသနလုပ်ငန်းများအား

အထက်ပါကဲ့သို့ မတူညီ၊ ကွဲပြားခြားနားသော ဒေသ၊ ရာသီဥတုများအလိုက် ခွဲခြားကာ သုတေသနလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။

သုတေသနရလဒ်

၁၉၁၅ မှ ၁၉၆၀ ပြည့်နှစ်များအတွင်း ဒေသစပါးမျိုးများမှ အကောင်းဆုံးအပင်များ စုစည်း ရွေးချယ်ခြင်း (Pure Line) နည်းဖြင့် အောက်ပါစပါးမျိုးများစွာကို ရွေးချယ်ထုတ်ဝေနိုင်ခဲ့ ပါသည်။

ဥပမာ      –    ပင်တိုစိမ်း (A 29-20)၊ အီကရင်ကွ (A 35-17)၊ မောင်ညို (B 24-92)၊ လက်ရွေးစဉ် (B 47-5)၊ မှော်ဘီငစိန် (C 15-10)၊ ရှမ်းငြိမ်း (C 24-47)၊ ငကျွဲ (D 25-4)၊ ပေါ်ဆန်းမွှေး (D 44-8)၊ လော့သော့ကြီး (E 30-42)၊ ဗျတ် (E 43-43)၊ တောင်ထိပ်ပန်း၊ လက်ရုံးကြီး၊ အင်းမရဲဘော်၊ ရဲဘော်လတ်။

အထက်ပါနည်းလမ်းဖြင့် ရွေးချယ်ထုတ်ဝေခဲ့သော မျိုးများမှ အီကရင်ကွ၊ ပေါ်ဆန်းမွှေး၊ အင်းမ ရဲဘော်၊ ငကျွဲ၊ လက်ရုံးကြီး၊ ရဲဘော်လတ်တို့သည် ယခုအချိန်ထိ တောင်သူများ လက်ခံစိုက်ပျိုးလျက်ရှိပါသည်။

၁၉၆၅-၁၉၇၄ ခုနှစ်များအတွင်း ပြည်ပမျိုးများတင်သွင်း၍ ရာကျော်-၁၊ ရာကျော်-၂၊ စီ ၄-၆၃၊ စိန်လေး၊ ရွှေဝါနှံ၊ လုံးသွယ်ရွှေဝါ၊ ရွှေဝါရင်မျိုးများ ရွေးချယ်ထုတ်ဝေပေးခဲ့ပြီး ယခုအချိန်ထိ ရာကျော်-၂၊ စိန်လေးနှင့် ရွှေဝါရင်မျိုးများကို အကျယ်အပြန့် စိုက်ပျိုးလျက်ရှိပါသည်။

၁၉၇၄-၂၀၁၆ ခုနှစ်အထိ မျိုးမွေးမြူရေးနည်းလမ်းအမျိုးမျိုး အသုံးပြု၍ စပါးမျိုးသစ် (၁၀၆) မျိုးကို ထုတ်ဝေဖြန့်ဖြူးခဲ့ပြီး မျိုးစေ့ဆိုင်ရာအမျိုးသားကော်မီတီအသိအမှတ်ပြု လက်မှတ် ရရှိပြီး (၇၄)မျိုး ရရှိပြီးဖြစ်ပါသည်။ ယင်းမျိုးများတွင် ယနေ့အထိ အကျယ်အပြန့် စိုက်ပျိုးနေသော မျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ကျော်ဇေယျ၊ မှော်ဘီ-၁၊ မှော်ဘီ-၂၊ ယာ-၂၊ ဆင်းဧကရီ-၃၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ အိုင်အာ-၇၄၇၊ ယာ-၂ထွန်း၊ ယာ-၈၊ ဆင်းသွယ်လတ်၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ဆင်းသုခ၊ ဆင်းနွယ်ရင်၊ ရတနာတိုး၊ ရွှေသွယ်ရင်မျိုးတို့ ဖြစ်ပါသည်။ မိုးစပါးစိုက်ရာသီတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ထုတ်လုပ်ထားသောမျိုးများထဲမှ အသုံးပြုမျိုးအရေအတွက် (၃၆) မျိုးခန့်ရှိပြီး မြန်မာနိုင်ငံ စပါးစိုက်ဧရိယာ၏ ၅၈% ခန့်ထိ အကျယ်အပြန့် စိုက်ပျိုးလျက်ရှိပါသည်။ နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးရေး သုတေသနဦးစီး ဌာနမှ ထုတ်လုပ်ထားသော မျိုးများထဲမှ အသုံးပြုမျိုးအရေအတွက် (၂၆) မျိုးခန့်ရှိပြီး မြန်မာနိုင်ငံစပါးစိုက် ဧရိယာ၏ ၉၀% ခန့်ထိ အကျယ်အပြန့် စိုက်ပျိုးလျက်ရှိပါသည်။