စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စက်မှုသီးနှံဌာနစု

ကြံသီးနှံ

ကြံသုတေသနကို ၁၉၂၅ ခုနှစ်မှစ၍ ပျဉ်းမနားကြံသုတေသနမျိုးပွားခြံတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်၌ ရေဆင်း စိုက်ပျိုးရေးသုတေသနဌာနတွင် သကြားထွက်ပင်ဌာနစုကို စတင်ဖွဲ့စည်းခဲ့ပြီး ကြံ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်မှ စ၍ အမျှင်ထွက်ပင်ဌာနစုနှင့် ပူးပေါင်းကာ စက်မှုသီးနှံဌာနစုအဖြစ် ဖွဲ့စည်း၍ ယင်းဌာနစုအောက်တွင် ကြံသုတေသနလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ မြန်မာ့စက်မှု သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းအောက်ရှိ ကြံလုပ်ငန်းဌာနနှင့်ပူးပေါင်း၍ ကြံမျိုးများ ဖလှယ်စမ်းသပ်ခြင်း၊ မျိုးကူးစပ်မွေးမြူ၍ ကြံမျိုးသစ်များ ရွေးချယ်ခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

အချိုဓါတ်ပါဝင်မှုများပြီး အထွက်နှုန်းမြင့်မား၍ ရောဂါဒဏ်ခံနိုင်သော ကြံမျိုးသစ်များ ရရှိရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

မျိုးတင်သွင်းရွေးချယ်ခြင်း

ပြည်ပမျိုးများကို နှစ်စဉ်တင်သွင်းနိုင်ခြင်းမရှိပါ။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့မှ မျိုးသစ်အနည်းငယ်ကို ရံဖန်ရံခါ ရရှိစမ်းသပ် စိုက်ပျိုးလျက်ရှိပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

သဘာဝအလျောက် မျိုးကူးစပ်ခြင်း (Field Cross) နှင့် အိတ်စွပ်၍ မျိုးကူးစပ်ခြင်း (Biparental Cross) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ နှစ်စဉ်မျိုးကူးစပ်၍ အပင် (၁၄၅၅)ကျော် စမ်းသပ် စိုက်ပျိုး ရွေးချယ်လျက်ရှိပြီး အထွက်နှုန်းယှဉ်ပြိုင်ခြင်း အဆင့်ဆင့်တွင် လိုင်းပေါင်း (၆၈)လိုင်းကျော် စိုက်ပျိုး ရွေးချယ်လျက်ရှိပါသည်။

အပင်တစ်သျှူးမွေးမြူခြင်း

ပင်ပိုင်းမျိုးထွန်းပင်များ မွေးမြူရရှိရန်အတွက် အလားအလာကောင်းသော ကြံမျိုးသစ် များကို အပင်တစ်သျှူးမွေးမြူနည်းအသုံးပြု၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်။

သုတေသနရလဒ်

ရေဆင်း-၁ (၁၉၈၁)၊ ရေဆင်း-၂ (၁၉၈၃)၊ ရေဆင်း-၃ (၁၉၈၄)၊ ရေဆင်း-၄ (DAR-4) နှင့် ရေဆင်း-၁ မျိုးထွန်းတို့ကို ထုတ်ဝေနိုင်ခဲ့ပါသည်။ ၄င်းတို့အနက်မှ ရေဆင်း-၁ မျိုးသည် တောင်သူများ တွင် ကျယ်စွာ စိုက်ပျိုးလျက်ရှိပါသည်။ မျိုးကူးစပ်ရွေးချယ်ရရှိသော ၉၆-၄၇ နှင့် ၉၆-၁၃၇၂ မျိုးသစ်များသည် အလားအလာရှိသော မျိုးများဖြစ်ပါသည်။ စိုက်ပျိုးပြီးရက်ပေါင်း ၆၀၊ ၈၀ နှင့် ၁၀၀ တို့တွင် ရေတစ်ကြိမ်မှ သုံးကြိမ်အထိ သွင်းပေးခြင်းဖြင့် ကြံ(၇)တန်မှ (၁၀)တန်အထိ တိုးလာကြောင်း တွေ့ရှိရပါသည်။ ကြံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း အထွက်နှုန်း အမြင့်ဆုံးရရှိစေရန် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း စိုက်ပျိုးသင့်ကြောင်း တွေ့ရှိရပါသည်။ သက်လျင်မျိုးများကို နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ခုတ်သိမ်းသင့်ပြီး သက်ကြီးမျိုးများကို ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ခုတ်သိမ်းသင့်ပါသည်။ ခုတ်ချိန်နောက်ကျပါက အထွက်နှုန်း ၁၀% မှ ၄၀% ထိ ဆုံးရှုံးနိုင်ပါသည်။

ဝါသီးနှံ

၁၉၂၀ ခုနှစ်မှစ၍ ဝါသုတေသနလုပ်ငန်းများကို မလှိုင်ခြံတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုး ရေးသုတေသနဌာနတွင် ၁၉၇၄ ခုနှစ်မှစ၍ အမျှင်ထွက်ပင်ဌာနစုကို ဖွဲ့စည်းပြီး ဝါသုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ပြည်ပမှ မျိုးများတင်သွင်းခြင်းနှင့် မျိုးမွေးမြူရွေးချယ်ခြင်းတို့ကို မလှိုင်ခြံ၊ လွန်ကျော်ခြံ၊ မိတ္ထီလာ ဝါသုတေ သနစသည်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်း တည်ထောင်ချိန်မှစ၍ ဝါသုတေသနလုပ်ငန်းများကို သီးခြားလုပ်ကိုင်ခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်း၍ စက်မှုသီးနှံ ဌာနစုအဖြစ် ဖွဲ့စည်းပြီးနောက် ဝါနှင့်ပိုးချည်လုပ်ငန်းနှင့်ပူးပေါင်း၍ မျိုးသစ်များဖလှယ်စမ်းသပ်ခြင်း၊ သုတေသနစီမံချက်များ ပူးပေါင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အထိ ချည်မျှင်တိုဝါ(၃)မျိုး၊ ချည်မျှင်ရှည်ဝါ(၄)မျိုးတို့ကို မွေးမြူထုတ်လုပ်နိုင်ခဲ့ပါသည်။

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

စုပ်ပိုးဒဏ်ခံပြီး ဝါဂွမ်းအရည်အသွေးကောင်း၍ အထွက်နှုန်းမြင့်မားသည့် မျိုးသစ်များ ရရှိရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မျိုးတင်သွင်းရွေးချယ်ခြင်း

ပြည်ပမျိုးများတင်သွင်းရွေးချယ်နိုင်ခြင်းမရှိပါ။ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်းလာသော ချည်မျှင်ရှည်ဝါမျိုးသစ်အနည်းငယ်ကိုသာ စမ်းသပ်လေ့လာနိုင်ခဲ့ပါသည်။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

နှစ်စဉ်စပ်မျိုး(၄)တွဲ မျိုးကူးစပ်နိုင်ခဲ့ပြီး မျိုးကူးစပ်ရွေးချယ်ခြင်းအဆင့်ဆင့်တွင် လိုင်း (၁၆၂)လိုင်း ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ ဒေသခြံများနှင့် ဝါနှင့် ပိုးချည်လုပ်ငန်းဌာန အောက်ရှိ ခြံများ တွင် စိုက်ပျိုးရွေးချယ်လျက်ရှိပါသည်။

စပ်မျိုးဝါသုတေသနလုပ်ငန်း

စပ်မျိုးဝါထုတ်လုပ်ရန်အတွက် အဖိုမြုံလိုင်းများမွေးမြူခြင်း၊ အဖိုမျိုး R လိုင်းများ ရှာဖွေ ခြင်း၊ ပေါင်းစပ်စွမ်းရည်စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

အဖိုမြုံလိုင်းများ မွေးမြူခြင်း – ၅၄ လိုင်း

အဖိုမျိုး R လိုင်းများ ရှာဖွေခြင်း – ၉ လိုင်း

ပေါင်းစပ်စွမ်းရည်စမ်းသပ်ခြင်း – ၃၃ လိုင်း

ဂုန်လျှော်သီးနှံ

ယခင်က ဂုန်လျှော်သုတေသနလုပ်ငန်းများကို မြောင်းမြ၊ စကားမြားနှင့် ရွှေလောင်းခြံတို့ တွင် လုပ်ကိုင်လာခဲ့ရာ ၁၉၇၃ ခုနှစ်မှစ၍ ရေဆင်းသုတေသနဌာန၊ အမျှင်ထွက်ပင်ဌာနစုတွင် လုပ်ကိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စက်မှုသီးနှံဌာနစုအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဂုန်လျှော်ပစ္စည်းလုပ်ငန်းဌာနနှင့် ပူးပေါင်း၍ ဂုန်လျှော်အဓိက စိုက်ပျိုးသည့်ဒေသများသို့ ကွင်းဆင်းပြီး စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများ ရှာဖွေခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမည့် မျိုးသစ်များ မွေးမြူ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ

အပင်ယိုင်လဲမှုနည်းပြီး လျှော်အရည်အသွေးနှင့် အထွက်နှုန်းကောင်းမျိုးများ ရရှိရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။

မျိုးတင်သွင်းရွေးချယ်ခြင်း

၁၉၇၈ခုနှစ် နောက်ပိုင်းမှစ၍ ပြည်ပမျိုးသစ်များ တင်သွင်းနိုင်ခြင်းမရှိပါ။

မျိုးကူးစပ်မွေးမြူရွေးချယ်ခြင်း

နှစ်စဉ်သီးလုံးပုနှင့် သီးတောင့်ရှည်စပ်မျိုး(၂)တွဲ မျိုးကူးစပ်ရွေးချယ်လျက်ရှိပြီး သားဆက် အဆင့်ဆင့် ရွေးချယ်ရာတွင် နှစ်စဉ်(၁၀)လိုင်းကို ဂုန်လျှော်စိုက်ပျိုးသည့် ဒေသများတွင် စမ်းသပ်စိုက်ပျိုး ရွေးချယ်လျက်ရှိပါသည်။

သုတေသနရလဒ်

သီးလုံးပုဂုန်လျှော်(၅)မျိုးနှင့် ဂုန်လျှော်(၃)မျိုး ထုတ်ဝေနိုင်ခဲ့ပါသည်။ စိုက်တန်းတစ်တန်း နှင့်တစ်တန်း(၁)ပေခြား၍ နောက်ဆုံးသားခွဲချိန်တွင် တစ်ပင်နှင့်တစ်ပင် ၃” ၊ ၄” ထားပြီး တစ်ဧက အပင်(၁၅၀၀၀၀) ဝင်ဆန့်စေခြင်းသည် အထွက်နှုန်းအကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဂုန်လျှော်မျိုးအလိုက် စိုက်ချိန်၊ စိုက်တန်းအကွာအဝေးနှင့် ခုတ်သိမ်းချိန်များကို ဖော်ထုတ်နိုင်ခဲ့ပါ သည်။