အပင်မျိုးမွေးမြူရေး နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ဖွင့်လှစ်သည့် အပင်မျိုးမွေးမြူရေးနည်းပညာ ဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ကြား တတ်မြောက်လာသည့် အပင်မျိုး မွေးမြူရေးဘာသာရပ်များကို အသုံးပြု၍ သီးနှံမျိုးသစ်များ မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေလို ကြောင်းနှင့် နည်းပညာပိုင်းအခြေခံမှ အဆင့်မြင့်နည်းပညာသင်ကြား ပေးခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် မျိုးမွေးမြူရေး အစီအစဉ်များ ထွက်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် စပါးသီးနှံသုတေသန ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းက မွမ်းမံသင်တန်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိသူများနှင့်သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ရုံးချုပ်မှ သင်တန်းသား သင်တန်းသူ ၇၃ ဦး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စိုက်ပျိုးရေးသုတေသနခြံများနှင့် ဒေသသုတေသနဗဟိုဌာနများမှ အွန်လိုင်းဖြင့် တက်ရောက်သည့် သင်တန်းသား သင်တန်းသူ ၇၈ ဦး စုစုပေါင်း ၁၅၁ ဦး တက်ရောက်ကြပြီး မေ ၂၀ ရက်မှ ၂၆ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။