အပင် မျိုးမွေးမြူရေး နည်းပညာဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် အပင်မျိုးမွေးမြူရေးနည်းပညာဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ(၂၀) ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ယနေ့ကျင်းပသောအခမ်းအနားသည် သီးနှံစိုက် ပျိုးထုတ်လုပ်ရေးအတွက် အခြေခံကျသောအကြောင်းအရင်းဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့အနက် မျိုးနှင့်ပတ်သက်သည့် မျိုးကောင်းမျိုးသန်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် သော သင်တန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတတ်စေဖို့ မျိုးမွေးမြူကူးစပ်ထုတ်လုပ် သော ပညာရှင်များ၊ Plant Breeder များ များစွာလိုအပ်ပါကြောင်း၊ အပင်မျိုးမွေးမြူသူများ များစွာပေါ်ထွက်နိုင်စေရန် DNA ၊ မော်လီကျူလာ နည်းလမ်းများဖြင့် မျိုးသစ်များကိုထုတ် လုပ်ခြင်းနှင့် အပင်မျိုးသစ်များရရှိရန်အတွက် အဆိုပါနည်းပညာတတ်မြောက်ထားသူများက ပြန်လည်မျှဝေ ပေးသွားမှာ ဖြစ်ပါကြောင်း၊ မျိုးသစ်တစ်မျိုးရရှိရန် အပင်မျိုးမွေးမြူခြင်း စသောလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်းသာမကပဲ မျိုးမွေးမြူရွေးချယ် ထုတ်လုပ်သော ကွင်းဆက် တလျှောက်လုံးမှာလည်း အသေးစိတ်စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မှသာလျှင် မိမိတို့လိုချင်သောအရည်အချင်းလက္ခဏာများ ရှိသည့် သီးနှံအလိုက်မျိုးသစ်များ မွေးမြူ ထုတ်လုပ်နိုင်ပြီး စိုက်ပျိုးထုတ် လုပ်ခြင်းမှ စားနပ်ရိက္ခာဖူလုံ စေနိုင် ကာ မျိုးမွေးမြူ ထုတ်လုပ်သောကုမ္ပဏီများ၊ လုပ်ငန်းရှင်များက အစိုးရနှင့်တွဲဖက်၍ သော် လည်းကောင်း၊ ၎င်းတို့ ကိုယ်ပိုင်သော်လည်းကောင်း ကြိုးပမ်းအား ထုတ်ဆောင်ရွက်သင့် ပါကြောင်း၊
သို့မှသာလျှင် နှစ်စဉ်နှင့်အမျှ သီးနှံမျိုးစိတ် တင်သွင်းမှုများ လျော့ကျလာမှာဖြစ်ပြီး နိုင်ငံအတွင်း မှာလဲ အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံပေါ်ပေါက်လာမှာဖြစ်ပါကြောင်း၊ အပင်မျိုးမွေးမြူ ကူးစပ်ခြင်း၏ ရည်ရွယ်ချက်များ၊ နည်းပညာများ၊ ဗဟုသုတများကို ကိုယ်တိုင်လေ့လာ သင်ကြား ခြင်းမှ အစပြု၍ ဈေးကွက်နှင့် ပတ်သက် သည်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကိုလည်း သိရှိထားရမည် ဖြစ်ပါကြောင်း၊ ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အပင် မျိုးမွေးမြူရေး နည်းပညာဆိုင်ရာ ဘာသာရပ်များအား မျှဝေပေးသွားမည် ဖြစ်ပြီး မေလ(၂၀)ရက်နေ့မှ (၂၆)ရက်ထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)ရှိ သုတေသီများ၊နိုင်ငံအဝှမ်းရှိ စိုက်ပျိုး သုတေသန ဦးစီးဌာန၏ သုတေသနခြံများ၊ ဒေသသုတေသနဗဟိုဌာနများမှ သုတေသီများ တက်ရောက် လျက်ရှိပါကြောင်းမှတ်တမ်းပြုဖော်ပြအပ်ပါသည်။