စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကျင်းပခြင်း

3
1
3 1

စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ “စိုက်ပျိုးထုတ်ကုန် တိုးတက်ဖို့ နည်းလမ်းမျိုးစုံဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ပိတ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှအကြီးအကဲများ၊ သုတေသနပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများက အကောင်းဆုံးစာတမ်းဆုရှင် ငါးဦးနှင့် ပိုစတာဆုရှင် သုံးဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ပဥ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှအစပြု၍ သက်ဆိုင်ရာ နယ်ပယ်အသီးသီး၊ ဌာနအသီးသီး၊ လုပ်ငန်း တာဝန်အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးတို့သည် စာတမ်းဖတ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးခဲ့ကြသည့်အတွက် ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၏ သုတေသနစာတမ်းဖတ်ပွဲများကို နိုင်ငံတကာအဆင့်မှီအောင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သုတေသနပညာရှင်များ၏ ၁၀စုနှစ် ဝန်းကျင် ကြိုးပမ်းအားထုတ်မှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများမှစ၍ သက်ဆိုင်ရာပညာရှင်များအားလုံးမှ ဝိုင်းဝန်းအကဲဖြတ်ပေးကြသော ပွဲတခုဖြစ်ပါကြောင်း၊ Technical Session (၁၅)ခုဖြင့် (၃) နေရာ၌ကျင်းပခဲ့ပါကြောင်း ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် စာတမ်း(၆၂)စောင်၊ ပိုစတာ (၂၀)စောင်တို့ဖြင့် (၂)ရက်တာကျင်းပခဲ့ရာ ကြိုးပမ်းအားထုတ်ခဲ့ကြသောသုတေသနပညာရှင်များအားလည်းကောင်း၊ နိုင်ငံတကာသုတေ သနမိတ်ဖက်အဖွဲ့အစည်းများမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားပေးသော သုတေသနစာတမ်းရှင်များအားလည်းကောင်း၊ ပူးပေါင်းပါဝင်ခဲ့ကြသော ဆက်စပ်ဌာနများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဌာနတွင်းမှ ပညာရှင်အသီးသီးတို့အားလည်းကောင်း ၊ သုတေသန စာတမ်းဖတ်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နောက်ကွယ်မှ ကူညီပံ့ပိုးပေး ကြပါသော ဝန်ထမ်းအသီးသီးအားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း၊ ဖတ်ကြားခဲ့သည့် သုတေသနစာတမ်းများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ Websiteတွင် တင်ရှိထားမည် ဖြစ်ပါကြောင်း ၊လာရောက်ပူးပေါင်းပါဝင်ဖတ်ကြားခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ စာတမ်းရှင် များအနေဖြင့်လည်း သုတေသနစာတမ်းဖတ်ပွဲမှ ပျော်ရွှင်သော အမှတ်တရများ ရှိနေစေဖို့မျှော် လင့်မိပါကြောင်းနှင့် နိုင်ငံတော်၏လိုအပ်ချက်၊ ဈေးကွက်၏လိုအပ်ချက်၊ တောင်သူလယ်သမား များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်သုတေသနများကို လုပ်ဆောင်နိုင်ပြီး နောင်လာမည့် (၆)ကြိမ်မြောက်သုတေသနစာတမ်းဖတ်ပွဲတွင် နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည့် သုတေသနစာတမ်းဖတ်ပွဲကြီးဖြစ်ပေါ်လာပါစေဟုဆန္ဒပြုကြောင်း ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှကျင်းပသည့် အဆိုပါစာတမ်းဖတ်ပွဲကို ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့ထိကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၂)စောင်၊ ထိုင်းနိုင်ငံမှ (၁)စောင်၊ အိန္ဒိယသမ္မတနိုင်ငံမှ (၁)စောင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ(၄၉‌)စောင်နှင့် အငြိမ်းစား ပညာရှင်တစ်ဦးမှ (၁)စောင်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ (၁)စောင်၊ ပြည်တက္ကသိုလ်မှ (၄)စောင်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ (၃)စောင် စုစုပေါင်း သုတေသနစာတမ်း (၆၂) စောင်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပိုစတာ (၁၉) စောင်နှင့် မွေးမြူရေးသုတေသနဦးစီးဌာနမှ ပိုစတာ (၁)စောင်တို့အား (၃)နေရာခွဲ၍ဖတ်ကြားခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။