စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား

2
3
1
2 3 1

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ပဉ္စမ အကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ နံနက်(၈:၃၀) အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများ၊ သုတေသနပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုစုပေါင်း(၂၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည့်တံ့သော လယ်ယာထုတ်လုပ်မှုစနစ် ထွန်းကားလာစေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝလာစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုး ရေးကဏ္ဍတွင် အားလုံးပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာလိုအပ်ချက် များ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် သိပ္ပံနည်းကျ သုတေသနများဖြစ်ပေါ်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော်ညီထွေဖြစ်စေမည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာ ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာစေရန် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း တခုတည်းမကပဲ စက်မှုပိုင်းဆိုင်ရာနည်းပညာများ၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ၊ ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ နည်းပညာများစသည့် ပညာရပ်အမျိုးမျိုးကို အသုံးချနိုင်ရန်နှင့် ဘက်ပေါင်းစုံမှ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ် သုတေသနစာတမ်းဖတ်ပွဲကို “စိုက်ပျိုးထုတ်ကုန်တိုးတက်ဖို့နည်းလမ်းမျိုးစုံဆောင်ရွက်စို့” “Transformation Pathways for Improving Agri- foods System” ခေါင်းစဉ်ပေးထားသည့်အတိုင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတခု လုံး အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် သီးနှံနှင့်နည်းပညာပိုင်းဆိုင်ရာမှာသာမက သားငါးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန်နှင့် အစားအစာဆိုင်ရာ ဆန်းသစ်တီထွင်မှု များမှ ဖော်ထုတ် ထားသည့် သုတေသနရလဒ်ကောင်းများပါဝင်မည်လို့ ယုံကြည်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် သုတေသနလုပ်ငန်းများ အရှိန်အဟုန်နှင့် တိုးမြှင့်ဆောင်ရွက်သွားကြရန်အတွက် သုတေသနစာတမ်းဖတ်ပွဲများကို နောင်နှစ်များတွင်လည်း ဆက်လက်ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချူပ်က ပြောကြားရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၀ ခုနှစ် တွင် ဒုတိယအကြိမ် ၊ ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပ ခဲ့ပါကြောင်း၊ ယခုပဉ္စမအကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကတော့ မိမိတို့၏ အားကြိုးမာန်တက် ကြိုးစားရှာဖွေဖော်ထုတ်ထားသည့် သုတေသနရလဒ်များကို ဝန်ကြီးဌာနမှ အကြီး အကဲနှင့် အဆင့်မြင်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဌာနနှင့် အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ အားလုံးကို ချပြခြင်းမှတဆင့် သုတေသနရလဒ် ကောင်းများကို အများပြည်သူ၊ တောင်သူလယ်သမားများထံသို့ အရောက်ပေးပို့ခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေးအပြင် တဖက်မှလည်း သဘာဝအရင်းအမြစ်များဖြစ်သည့် ရေ၊ မြေ၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု နည်းပါးစွာနှင့် ရေရှည်တည်တံ့နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော်ညီထွေရှိသည့် နည်းပညာရပ် များ ဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတမ်းရှင်များ တင်ပြသည့် စာတမ်းများအပေါ် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ အပြန်အလှန် ဆွေးနွေးမှုများ၊ အကြံပြုချက်များ ပြုလုပ် ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ စာတမ်းဖတ်ကြားမည့် နေ့ရက်များတွင် စိတ်ပါဝင်စားစွာ တက်ရောက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ယခုပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲကို ဇွန်လ (၆) ရက် နေ့နှင့် (၇) ရက်နေ့များတွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး စာတမ်းအစောင်ရေ (၆၂) စောင် နှင့် ပိုစတာအရေအတွက် (၂၀) စောင်၊ စုစုပေါင်းစာတမ်း (၈၂) စောင်ရှိပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ နဝရတ်ခန်းမ၊ စုဝေးခန်းမနှင့် တောင်သူရုပ်သံ အစည်းအဝေးခန်းမတို့တွင် Technical Seessions (၁၅)ခုစီဖြင့် အသီးသီးကျင်းပခဲ့ရာ ကဏ္ဍပေါင်းစုံမှ သုတေသနရလဒ်များ တင်ပြဖတ်ကြားသွားမည်ဖြစ်ပြီး ကိုယ်တိုင်တက်ရောက် ဖတ်ကြား တင်သွင်းခြင်း (Face to Face) နှင့် Virtual စနစ်နှစ်မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။