မိုင်းပွန်မြို့နယ် စပါးအပြီး ပဲပုပ်သီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအား ကွင်းသရုပ်ပြသခြင်း
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စပါးသီးနှံ ရိတ်သိမ်းအပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်း စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် စပါးအပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ပဲပုပ်သီးနှံ (ရေဆင်း-၁၅)နှင့် တောင်သူများစိုက်ပျိုးနေသည့် ဒေသမျိုးများ၏ အထွက်နှုန်းကွဲပြားခြားနားမှုကို တောင်သူများ မျက်မြင်ကိုယ်တွေ့ သိရှိနိုင်စေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲအား ၂၀၂၄ခုနှစ်၊ ဇွန်လ (၁)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်မြို့၊ လယ်တောရွာမှ တောင်သူဦးစိုင်းဆန် စိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန (လွိုင်လင်) မှ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ၊ ပဲပုပ်မျိုးဝယ်ယူဖြန့်ဖြူးမည့် လုပ်ငန်းရှင်နှင့် ကုမ္ပဏီဝန်ထမ်းများ၊ မိုင်းပွန်မြို့အတွင်းရှိ ရွာသစ်၊ ဝမ်ဟွေ၊ လယ်တော၊ ဟိုယန် စသည့် ကျေးရွာများမှတောင်သူ စုစုပေါင်း (၃၈) ဦးတက်ရောက်ခဲ့ကြသည်။ မိုင်းပွန်ဒေသသည် မိုင်းပွန်ချောင်းကို အမှီပြု၍ စပါးအပြီး ပဲပုပ်သီးနှံစိုက်ပျိုးလေ့ရှိသော ဒေသဖြစ်ပါသည်။
ယခု သရုပ်ပြ စိုက်ပျိုးထားရှိသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် ရေဆင်း-၁၅ ပဲပုပ်မျိုး ကို မှတ်တမ်း ကောက်ယူခဲ့ရာ တစ်ပင်ပါသီးတောင့်အရေအတွက် (၁၀၀ မှ ၂၀၀) အထိရှိသဖြင့် တောင်သူများ လက်ရှိ စိုက်ပျိုးနေသည့် ဒေသမျိုးနှင့် နှိုင်ယှဉ်လျှင် အထွက်နှုန်းသိသိသာသာ ကွာခြားမှုရှိကြောင်းကို တောင်သူများ မျက်မြင်ကိုယ်တွေ့ သိရှိပြီး တောင်သူများလက်ရှိစိုက်ပျိုးလျက်ရှိသည့် ဒေသမျိုးနှင့် နှိုင်ယှဉ်သရုပ်ပြသခြင်းဖြစ်ရာ တက်ရောက်လာသည့် တောင်သူများမှ ယခုစိုက်ပျိုးပြသထားသည့် (ရေးဆင်း-၁၅) သည် တောင်သူများ လက်ရှိစိုက်ပျိုးနေသည့် ဒေသမျိုးထက် အထွက်နှုန်းသာလွန်ကောင်းမွန်သည့်မျိုးဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့သိရှိခဲ့ကြပြီး (ရေဆင်း-၁၅) ကို ဒေသမျိုးထက် ပိုမိုကြိုက်နှစ်သက်မှုရှိကြောင်း သိရှိ ရသည်။ တက်ရောက်လာသော လုပ်ငန်းရှင်တစ်ဦးမှလည်း ယခုလိုအထွက်နှုန်း ကောင်းမွန်သည့် (ရေးဆင်း-၁၅) ပဲပုပ်မျိုးအား ဆွေးနွေးပွဲသို့တက်ရောက်လာသည့် တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ် စိုက်ပျိုးလိုကြောင်း၊ ယခုထွက်ရှိမည့်မျိုးကိုလည်း မန္တလေးကုန်စည်ဒိုင်ဈေးနှုန်းဖြင့် စိုက်ခင်း၌ပင်ဝယ်ယူပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။