ဂျုံမျိုးသစ်များစိုက်ပျိုးသရုပ်ပြပွဲနှင့်တောင်သူများပါဝင်မျိုးရွေးချယ်ပွဲနှင့် ရှမ်းပြည်နယ် အာလူး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
၂၀၂၄ခုနှစ်၊ဇန်နဝါရီလ ၂၀ရက်(စနေနေ့)ကဂျုံမျိုးသစ်များစိုက်ပျိုးသရုပ်ပြပွဲနှင့် တောင်သူများ ပါဝင်မျိုးရွေးချယ်ပွဲနှင့် ရှမ်းပြည်နယ်အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း၌ ပြုလုပ်ကျင်းပ ခဲ့ပါသည်။
ဂျုံစက်ရုံများမှ အသုံးပြုကြိတ်ခွဲနေသော ဂျုံမှုန့် အရည်အသွေးကောင်းသည့် ဂျုံမျိုးသစ်များ၏ ဒေသဖြစ်ထွန်းမှုအားလေ့လာနိုင်ရန်နှင့် အလားအလာကောင်းသည့် မျိုးများ ရွေးချယ်နိုင်ရန် ဂျုံမျိုးသစ်များစိုက်ပျိုးသရုပ်ပြပွဲနှင့် တောင်သူများပါဝင်၍ မျိုးရွေးချယ်သည့် ကွင်းသရုပ်ပြပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် တာဝန်ရှိသူများ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ ညွှန်ကြားရေးမှူး၊ ခြံတာဝန်ခံ နှင့် သုတေသီပညာရှင်ဝန်ထမ်းများ ၊ ကလောမြို့နယ် ကျောက်ထပ်ကျေးရွာ၊ လမိုင်းကျေးရွာ၊ ငုံးသုံကျေးရွာများမှ ဂျုံစိုက် ပင်းတယမြို့နယ် ရှောက်ပင် ကျေးရွာ၊ တမဲကျေးရွာ၊ ဝါတရာကျေးရွာများမှ ဂျုံစိုက် တောင်သူများ တက် ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးနေသော ဂျုံမျိုးများဖြစ်သည့် ရေဆင်း-၉၊ ရေဆင်း-၁၀ မျိုးများမှာ ရေမပေးသွင်းနိုင်သော တောင်ပေါ်ဒေသနှင့်ကိုက်ညီမှုရှိပြီး အထွက်နှုန်းကောင်း ဂျုံမျိုးများဖြစ်သော်လည်း ဂျုံမုန့်အရည်အသွေးအတွက် လိုအပ်သော ပရိုတင်းဓါတ်နှင့် ဂလူတင် ဓါတ်ပါဝင်မှု နည်းပါးသောကြောင့် ဂျုံစက်ရုံများမှ အသုံးပြုကြိတ်ခွဲနေသော ပရိုတင်းဓါတ်နှင့် ဂလူတင် ဓါတ်ပါဝင်မှုမြင့်မားသည့် ဩစတြေးလျနိုင်ငံမှ ဂျုံမျိုး(၄)မျိုး ဩစတြေးလျဂျုံ-၁ ((Australian Standard White – ASW)၊ ဩစတြေးလျဂျုံ-၂ ((Australian Premium White -APW)၊ ဩစတြေးလျဂျုံ-၃ (Australian Prime Hard-APH)၊ ဩစတြေးလျဂျုံ-၄ (Australian Hard-AH) နှင့် တရုတ်နိုင်ငံမှ ဂျုံမျိုး(၃)မျိုး တရုတ်ဂျုံ-၁ (Huaimai-33)၊ တရုတ်ဂျုံ-၂ (Xinong-979)၊ တရုတ်ဂျုံ-၃ (De-2034)ကို မှာယူထားပြီး မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၌ ဖြစ်ထွန်းမှု ကောင်းသော အရည်အသွေးကောင်း ဂျုံမျိုးများရရှိစေရန်အတွက် သုတေသနပြု စမ်းသပ် စိုက်ပျိုးထားရှိမှုအား တောင်သူများကိုယ်တိုင် မဲပေးရွေးချယ်စေခြင်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အခမ်းအနားသို့ တက်ရောက်လာသော တောင်သူ (၅၀)ဦး၏ မဲပေးရွေးချယ်မှုအရ စိုက်ပျိုးပြသထားသော ဂျုံမျိုးသစ်(၇)မျိုးအနက်မှ တရုတ်ဂျုံ-၃ (De-2034)ကို ၉၄% ဖြင့် အများဆုံးရွေးချယ်ပေးခဲ့ပြီး၊ ဩစတြေးလျဂျုံ-၁((Australian Standard White – ASW) ဂျုံမျိုးကို ၈၂% ဖြင့် ဒုတိယအကြိုက်ဆုံးမျိုးအဖြစ်ရွေးချယ်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တောင်သူများမဲအများဆုံးပေး၍ ရွေးချယ်ခဲ့သည့် ဂျုံမျိုး(၂) မျိုးအား လာမည့်နှစ် ဂျုံစိုက်ရာသီတွင် တစ်မျိုးလျှင် မျိုးစေ့ တင်း(၁၀၀)စီ အခမဲ့ ဝယ်ယူဖြန့်ဖြူး ပေးနိုင်ရန် စီစဉ်ညွှန်ကြားပေးခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းတွင် သုတေသနပြုစိုက်ပျိုးထားသော အရည်အသွေးကောင်းဂျုံမျိုးများ၊ ရေငတ်ဒဏ်ခံ ဂျုံမျိုးများနှင့် အပူဒဏ်ခံဂျုံမျိုးများမွေးမြူရွေးချယ်ခြင်း သုတေသနကွက်များကို လိုက်လံကြည့်ရှုခဲ့ပါသည်။
၎င်းနောက် ရှမ်းပြည်နယ်အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်မှု ပိုမိုမြန်ဆန်စေရန် ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း၌ အပင် တစ်သျှူးကာချာနှင့် အာဟာရရည်ဖျန်းစနစ် နည်းပညာများအသုံးပြု၍ မျိုးအလိုက် (ရုရှားမျိုး၊ ရမ်ဘာမျိုး၊ မာကီစ်မျိုး၊ ကားလူးရစ် ခေါ် မျက်နီမျိုး) ထုတ်လုပ်ထားသော G-0 အဆင့် မျိုးအာလူးထုတ်လုပ်ထားရှိမှု၊ မြေလွှာမဲ့ (Substrate Culture) စနစ်ဖြင့် ရုရှားမျိုး G-0 အဆင့် ထုတ်လုပ်ထားရှိမှု များအား ကြည်ရှုလမ်းညွှန်မှုပြုခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် အာလူးစိုက်ဧက(၁၀,၀၀၀) အတွက် မျိုးအာလူးများထုတ်လုပ်မှုစီမံချက်တွင် ပါဝင်လုပ်ဆောင်နေကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးအာလူးအစုအဖွဲ့၊ နောင်တရားအာလူးအစုအဖွဲ့နှင့် ကျုံး၊ ပင်းတယအာလူးအစုအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ရည်မှန်းထားသည့် ကာလအတွင်း စီမံချက် အောင်မြင်အောင် လုပ်ဆောင်နိုင်စေရန် အားပေး၊လမ်းညွှန်၊ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပါ ကြောင်းသတင်းမှတ် တမ်းအဖြစ်ဖော်ပြအပ်ပါသည်။