စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် (၁၇)ကြိမ်မြောက် တောင်သူ နည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)သို့ တက်ရောက် အားပေးခြင်း
၂၀၂၃ခုနှစ် ဒီဇင်ဘာ(၉)ရက်နံနက်ပိုင်းကစိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် အပတ်စဉ် စနေနေ့တိုင်းကျင်းပမြဲဖြစ်သည့် (၁၇)ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် မှတက်ရောက်အားပေးခဲ့ပါသည်။
“နေပြည်တော်တိုင်း ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအလားအလာနှင့် သက်လျင် အထွက်ကောင်း စပါးမျိုးသစ်များ “ ခေါင်းစဉ်ဖြင့် ယနေ့ကျင်းပသည့် ဆွေးနွးပွဲတွင် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ ၌ စိုက်ပျိုးရေးကဏ္ဍတွင် သင့်တော်သည့် မျိုးကို ရွေးချယ်စိုက်ပျိုးရန် အရေးကြီးပါကြောင်း၊ တောင်သူများ အနေဖြင့် ကိုယ့်မျိုးကိုယ်ထား စိုက်ပျိုးတတ်ရန် နှင့် မျိုးအသုံးပြုရာတွင် မဖြစ်မနေ သိသင့်သိထိုက်သည်များကို အကျွမ်းတဝင် သိရှိရန်လိုအပ် ပါကြောင်း၊ တောင်သူများသိသင့် သိထိုက်သည်များ သိရှိရန်အတွက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပညာရှင်များ ပူးပေါင်းကာ ယခုကဲ့သို့သော နည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း ဖြစ်ပါ ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပညာရှင်များ တောင်သူများ တွင် အမျိုးသမီးများ အင်အားကို ကြည့်ခြင်းအားဖြင့် မိမိတို့ ၏ စိုက်ပျိုးရေး ကဏ္ဍတွင် အမျိုးသမီးများ များစွာပါဝင်လာခြင်းကို တွေ့မြင်ရ၍ များစွာဝမ်းမြောက် မိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးတွင် အမျိုးသမီးများ ၏ အခန်းကဏ္ဍသည် လည်းလွန်စွာအရေးကြီး ပါကြောင်း။
နေပြည်တော်၏ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးအောင်မြင်မှုကို စံထားပြီး တိုင်းဒေသကြီး ပြည်နယ်တိုင်း မျိုးစေ့ဖူလုံရေးတိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများပူးပေါင်း ပါဝင်သည့် မျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မျိုးရွေးချယ် စိုက်ပျိုးရာတွင် တစ်ဆက်တည်း၊ တစ်ကွင်းတည်း စိုက်ပျိုးရန် လိုအပ်သဖြင့် တောင်သူများ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် ကန်သင်းသီးနှံ စိုက်ပျိုးခြင်း၊ အရင်းကျေသီးနှံများထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးစေမည့်လုပ်ငန်းများအား ပူးတွဲ ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းပါကြောင်းပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန် က “နေပြည်တော်ကောင်စီနယ်မြေ ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအလားအလာ နှင့်ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသီတစ်ဦးက သက်လျင် အထွက်ကောင်း စပါးမျိုးသစ်များအကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီး က ဖြည့်စွက် ဆွေးနွေးပြီး တောင်သူများ၏ မေးမြန်းချက်များ အား အသေးစိတ်ဖြေကြားရှင်းလင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။